ဂွမြို့၊ ဗေဒါစစ်ဆေးရေးဂိတ်မှာလည်း ပြည်မဘက်ကဝင်လာတဲ့ ကုန်ကားတွေကို နယ်လုံလက်မှတ်​ပါမှ ဖြတ်​သန်းခွင့်ရ

By  Voice Of Westland (VOW)/ 2022 May 21

ရန်ကုန်-စစ်တွေကားလမ်း ဂွမြို့၊ ဗေဒါစစ်ဆေးရေးဂိတ်မှာလည်း ပြည်မဘက်ကဝင်လာတဲ့ ကုန်ကားတွေဟာ လုံခြုံ​ရေးနှင့်နယ်​စပ်​​ရေးရာဝန်​ကြီးလက်မှတ်မပါရှိဘဲ ဖြတ်သန်းခွင့်မပြုတာကြောင့် ဖြတ်​သန်​းခွင်​့ရဖို့အတွက်​ သုံး​လေးကရက်ကြာတဲ့အထိ စောင့်ဆိုင်းရတာတွေရှိတယ်လို့  ​ဗေဒါစစ်ဆေးရေးဂိတ်ကို ​ဖြတ်​​ကျော်​သွားလာ​နေရသူတစ်​​ယောက်​က VOW ကိုပြောပါတယ်။

“ဘာပစ္စည်းတွေပါလာလဲကြည့်တယ်။ နယ်လုံစာရွက်ပါလား ။မပါရင်ကျအောင့်စောင့်ပေါ့။ ကျွန်တော်တို့နယ်လုံစောင့်နေရတဲ့အခါမျိုးမှာ အဲနေရာမှာကထမင်းဆိုင်လဲမရှိဘူး။ စောင့်နေကြရတယ်။ Expressကားတွေပါလာတယ်ဆိုရင် ခရီးသည်တွေကအစ ဒုက္ခရောက်ကြရတယ်။ ကားတွေအချိန်ကြာတယ်။ တစ်ခါတစ်လေနှစ်ရက်သုံးရက်ကြာသွားတာတွေလဲရှိတယ်။ တခါတလေရက်ချင်းရတဲ့အခါလဲရတယ်”လို့ သူကပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ သာမန်စစ်ဆေးမှုမျိုးမဟုတ်ဘဲ ကုန်ပစ္စည်းတွေကို ဓားနဲ့ထိုးမွှေပြီး စစ်ဆေးတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိနေတယ်လို့ သူကပြောပါတယ်။

“အထည်ထုတ်တွေဆိုလဲဓားနဲ့ ခွဲပစ်လိုက်တာဘဲ။ တခါတလေကျအကုန်လုံးကိုလှန်ပြီးစစ်ဆေးတယ်။ လူတွေကိုလဲစစ်ဆေးတယ်။ အခုကလက်ဆွဲအိတ်လေးတွေပါရင် လက်ဆွဲအိတ်တွေကအစ စစ်ဆေးတယ်”လို့ သူကပြောပါတယ်။

အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်(၁)မိုင်ကုန်းစစ်ဆေးရေးဂိတ်မှာလည်း နယ်လုံလက်မှတ်ပါရှိပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုတယ်လို့ရန်ကုန်-စစ်တွေကားလမ်းပြေးဆွဲနေတဲ့ လုံခြံု​ရေးအရ အမည်​မ​ဖော်​လိုသူ ​နောက်​တစ်​​ယောက်​ရဲ့ ​ပြေပြချက်အရ သိရပါတယ်။

“ကုန်ကားတွေဆိုရင် ဂွ လမ်းကသွားကြတာများတယ်။ ဒီဘက်အမ်းလမ်းကခရီးသည်သွားတာများတယ်လေ။ ကျွန်တော်ဂွဖက်ကသွားတဲ့အခါတုန်းက နယ်လုံမကျသေးလို့ ၂ ညအိပ်ပြီးစောင့်ခဲ့ရတယ်။ တင်လိုက်လို့ရှိရင်ဗိုလ်မှူးက လက်မှတ်မထိုးရင်မရဘူး။ တစ်ခါတလေကျသုံးရက်လေးရက်စောင့်ရတယ်”လို့ပြောပါတယ်။

ဒါ့အပြင်​ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသကိုလည်း စစ်တပ်က ဆန်သယ်ယူခွင့်ကန့်သတ်ထားတဲ့အတွက် သောင်းနဲ့ချီတဲ့ ​ဒေသခံတွေဟာ ဒေသအတွင်းက ဆန်ကိုဈေးနှစ်ဆပေးဝယ်နေရတယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို VOW က ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်ဒေသအတွင်းမြန်မာစစ်တပ်နဲ့နှစ်ဖက်တင်းမာမှုရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက VOW ကို ပြောဆိုထားပါတယ်။

https://www.facebook.com/VOW2ppl/posts/167624452323607

Leave a Reply

Your email address will not be published.