By Boder News Agency (BNA) / 2022 May 28

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ပေါ်မှဒေသခံနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီရဲ့အရပ်ဝတ်စစ်သားတွေကဖမ်းဆီးသွားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(က)နဲ့ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
အဲဒီနှစ်ဦးမှာ ကျောက်ဖြူမြို့၊စေတီတောင်ရပ်ကွက်နေ ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ဖြစ်ပြီး သူတို့ကိုမေလ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
“ရွှေဥထမင်းဆိုင်နားက လမ်းမပေါ်မှာအဖမ်းခံရတာပါ။မေးမြန်စရာရှိတယ်ဆိုပြီးအရပ်ဝတ်နဲ့ လူကိုးယောက်လောက်က ခေါ်သွားတယ်လို့ မျက်မြင်တွေက ပြောတယ်”လို့ ဒေါ်ခင်အုန်းနွဲ့ရဲ့သမီးဖြစ်သူက ပြောပါတယ်။သူမဟာအသက် ၅၆ နှစ်ရှိပြီ ပန်းနာရင်ကျပ်ရောဂါရှိတာမို့ စိုးရိမ်နေရတယ်လို့လည်း ပြောပါတယ်။
သူတို့ကို ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄) တပ်ရင်းက ဖမ်းဆီးသွားတာဖြစ်ပြီးတဲ့နောက် မတ ရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခဲ့ပေမယ့် ၅၀၅(က)နဲ့တရားစွဲတင်လိုက်တာလို့ ဆိုပါတယ်။
“ညီမတို့က ညနေ ၄ နာရီမှ စစ်တပ်ကဖမ်းသွားပြီး ရဲစခန်းမှာထားတယ်လို့သိရတယ်။ ညနေပိုင်းကျမှ အဝတ်အစားတွေဘာတွေသွားပို့တယ်။ ဒီနေ့အစောပိုင်းကတော့ မုန့်တွေသွားပို့တယ်။ ညပိုင်းမှာတော့ ရမန်ယူပြီးထောင်ချုပ်ကို ယူသွားပါတယ်” လို့ ဒေါ်ခင်အုန်းနွဲ့ရဲ့ သမီးက ပြောပါတယ်။
သူတို့ကို ၁၇ (၁)နဲ့ အမှုဖွင့်ထားရာကနေ ရမန်ယူဖို့သွားတဲ့အချိန်မှာ ၅၀၅(က)နဲ့ တရားစွဲတင်လိုက်တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
သူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA/ULA)အတွက် ရန်ပုံငွေကောက်ခံပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ကျောက်ဖြူမြို့၊စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း သူတို့ဖမ်းဆီးခံရတာ ဟုတ်မှန်ကြောင်းနဲ့ ဒီကနေ့ တရားရုံးကနေ ကျောက်ဖြူခရိုင်အကျဥ်းထောင်သို့ ခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။
သူတို့ကို လာမယ့်ဇွန်လ ၁၀ ရက်နေ့မှာ ကျောက်ဖြူမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ရက္ခိုင်တပ်တော် (AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ပေးခဲ့ပေမယ့်ခုနောက်ပိုင်း ရခိုင်ဒေသခံတချို့ကို AA နဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုတာတွေပြု လုပ်လာနေပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုမြင့်တက်နေပြီး စစ်ကောင် စီဖက်က အေအေနဲ့ဆက်စပ်သူတွေကို စုံစမ်းရှာဖွေဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
https://www.facebook.com/permalink.php?story_fbid=170338702075111&id=107469705028678