ကျောက်ဖြူတွင် ကျေးရွာ ၅ ရွာအသုံးပြုနေသည့်တံတား၏ကမ်းထိန်းနံရံများ ယိုယွင်းပျက်စီးနေ၍ ဒေသခံများ သွားလာရခက်ခဲနေ

By Narinjara / 2022 May 29

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ယ်၊ ကျောက်ပြောက်ကျေးရွာအုပ်တွင် ကျေးရွာ ၅ ရွာမှ ‌ဒေသခံများအသုံးပြုနေကြသည့် တံတား၏ ကမ်းထိန်းနံရံများမှာ မိုးရွာသွန်းခဲ့ခြင်းကြောင့် ဖို့ထားသည့်မြေစာများမှာ မေလ ၂၈ ရက်မှစတင်ကာ အက်ကွဲပြိုကျကာ နိမ့်ဆင်းသွားသည့်အတွက် ဒေသခံများ သွားလာရခက်ခဲနေကြသည်ဟု သိရသည်။

အဆိုပါတံတားမှာ ကျောက်ပြောက်ကျေးရွာ၊ သဖန်းချောင်းကျေးရွာ၊ မင်းပြင်ကျေးရွာ၊ ရေနံတောင်ကျေးရွာနှင့် ဇင်ချောင်းကျေးရွာရှိ ဒေသခံများ အဓိကအသုံးပြုနေရသည့် တံတားတစ်စင်းဖြစ်ပြီး ကျောက်ပြောက်ရွာနှင့် သဖန်းချောင်းရွာကြားတွင် တည်ရှိသည်။ ၎င်းတံတားကို ကြောင်ခိုးချောင်းတံတားဟုလည်း ခေါ်သည်။

လက်ရှိတွင် မြေစာများအက်ကွဲပြိုကျကာ နိမ့်ဆင်းသွားနေသော်လည်း ဒေသခံများက သွားလာ၍အဆင်ပြေနေ သေးသော်လည်း နောက်ထပ်တစ်ဖန် မိုးရွာသွန်းလာလျှင် လုံးဝပြိုကျသွားသည့်အနေအထားဖြစ်နေပြီဟု သဖန်းချောင်းကျေးရွာ၏ ကျောင်းထိုင်ဆရာတော် အရှင်သုဂန္ဓက မိန့်ကြားသည်။

“မနေ့က မိုးအရမ်းရွာခဲ့တယ်။ မိုးရေတွေနဲ့ ဖို့ထားတဲ့မြေတွေက နိမ့်ဆင်းသွားတယ်။ ကျောက်တွေနဲ့ မြေနဲ့ ရောလို့ ဖို့ထားတာမဟုတ်ဘူး။ မြေသားအတိနဲ့ဖို့ထားတာ။ နောက်တစ်ကြိမ်လောက် မိုးရွာလာရင် တံတားနဲ့ မြေနဲ့တစ်ခြားစီဖြစ်သွားမယ်။ အဲဒီလိုဖြစ်သွားရင် ဒေသခံတွေဒုက္ခရောက်တော့မှာပဲ”ဟု ပြောသည်။

လက်ရှိတွင် ကားများသွား လာ၍မရတော့သည့်အတွက် ပျက်စီးနေသည်ကို ၎င်းတံတားအားဆောက်လုပ်ခဲ့သည့် ကျေးလက်လမ်းဦးစီးဌာနကို တင်ပြထားသော်လည်း လာ၍ပြုပြင်ပေးမည်ဟုပြောဆိုခဲ့ပြီးနောက် ယခုအချိန်အထိပြုပြင်မှုမရှိသေးဟု ကျောက်ပြောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခိုင်စံလှက ပြောသည်။

“သူတို့ကတော့ စစ်တွေကို ရောက်နေတယ်လို့ ပြောတယ်။ နည်းနည်းပါးပါးလာလုပ်ပေးမယ်လို့ပြောတယ်။ သူတို့ပြောတာက မြေဖို့ဖို့ ဘတ်ဂျက်က ဒီနှစ်မှ ကျမယ်လို့ ပြောတယ်။ လုပ်ခဲ့တဲ့နှစ်က ဘတ်ဂျက်မပါဆိုတော့ မြေသက်သက်ပဲ ဖို့ခဲ့တာလို့ပြောတယ်။ နည်းနည်းပါးပါး လာလုပ်ပေးမယ်လို့ပြီးတော့ လာလုပ်တာလည်း မတွေ့ရသေးဘူး”ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက လက်ရှိပျက်စီးယိုယွင်းနေသည်ကို ယာယီအနေဖြင့်ပြုပြင်ပေးသွားရန်ရှိပြီး ပွင့်လင်းရာသီသို့ရောက်မှသာ ခွင့်ပြုချက်ဖြင့် အခိုင်အမာပြုပြင်ပေးရန်စီစဉ်ထားကြောင်း ပြောသည်။

“ကျွန်တော်တို့ တံတားကိုဆောက်တဲ့အခါမှာ မြေဖို့ပေးဖို့အတွက် ဘတ်ဂျက်ကမပါဘူး။ ကျွန်တော်တို့က ယာယီသဘောမျိုးနဲ့ မြေဖို့ပေးခဲ့တာ။ မြေဖို့ ဖို့အတွက်ဘတ်ဂျက်ကတော့ ဒီနှစ်မှာကျတယ်။ အခုက မိုးရာသီမှာ အဲဒီဟာကိုဆက်လို့လုပ်ပေးလိုက်ရင် ပိုပြီးပျက်စီးသွားမယ်။ လောလောဆယ်မှာ ဒေသခံတွေ သွားလို့လာလို့ အဆင်ပြေအောင် လုပ်ပေးသွားဖို့အစီအစဉ်ရှိပါတယ်”ဟု ပြောသည်။

အဆိုပါတံတားမှာ အလျားပေ ၄၀၊ အနံပေ ၂၀ ရှိပြီး  ကျောက်ဖြူမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သိန်း တစ်ထောင်အကုန်ကျခံကာ ၂၀၂၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/5504913446187354

Leave a Reply

Your email address will not be published.