ကျောက်တော် ၃၇၅ တပ်ရင်းအနီးမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ် ၍ ဒေသခံများစိုးရိမ်

By Narinjara / 2022 May 11

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာအနီး အခြေစိုက်သည့် ၃၇၅ တပ်ရင်းအနီးမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ယနေ့ မေလ ၁၁ ရက်နေ့ ညနေ ၇ နာရီခန့်က ပေါက်ကွဲသံကျယ်လောင်စွာကြားခဲ့ရပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အတိအကျကိုမသိရသေးကြောင်း လမ်းမတော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြိုင်က နိရဉ္စရာကိုပြောသည်။

“အသံကမနည်းကျယ်တယ်။ ဘယ်ဘက်ကပေါက်တယ်ဆိုတာ အတိအကျတော့မသိရသေးဘူး။ ဘာပေါက်ကွဲတာလဲဆိုတာလဲ ဘာမှမကြားရသေးဘူး”ဟု ပြောသည်။

လမ်းမတော်ကျေးရွာ ပတ်လည်တွင် စစ်တပ်တပ်ရင်းများတပ်စွဲထားပြီး ပေါက်ကွဲသံမှာ ၃၇၅ တပ်ရင်းတပ်စွဲထားသည့် တောင်တန်းနားကဟု ခန့်မှန်းရကြောင်း သူက ဆက်ပြောသည်။

“စစ်တပ်က ရွာအရှေ့ဘက်မှာ အားလုံးပြည့်နေတာ။ တပ်ရင်းဆိုတာ ရွာကိုပိတ်ပြီးရှိနေတာ။ ငါတို့ရွာ အနောက်ဘက် ၂ မိုင်လောက်မှာက အားလုံးတပ်ပဲ။ အဲ့ဘက် တောင်တန်းက ကြားရတာပဲ”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကိုဆက်သွယ်ခဲ့သော်လည်း ခရီးလွန်နေ၍ မသိသေးဟု ပြောသည်။

လက်ရှိတွင် ပေါက်ကွဲသံကြောင့် ဒေသခံများအကြား စိုးရိမ်နေကြသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5452289994783033

Leave a Reply

Your email address will not be published.