ကျောက်တော် ညောင်းချောင်းနှင့် မဟာမုနိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်၍ စစ်ဘေးရှောင်များ ထွက်ပြေးနေရ

By Western News/ 2022 May 31

ရခိုင်ပြည်နယ်က အထင်ကရ စေတီတစ်ဆူဖြစ်သော  ကျောက်တော်တောင်စေတီတွင် စခန်းချနေရာယူထားသည့် စစ်ကောင်စီတပ်က အနီးအနားရှိ စစ်ဘေးရှောင်စခန်း ၂ ခုကို လက်နက်ကြီး လက်နက်ငယ်များဖြင့်  ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလ ၃၀ ရက်နေ့ ညဉ့် ၈ နာရီဝန်းကျင်ခန့်က မဟာမုနိဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် တပ်မ ၅၅ က ဘုရားနှင့် မလှမ်းမကမ်းတွင်ရှိသည့် မဟာမုနိစစ်ဘေးရှောင်စခန်းနှင့် ညောင်းချောင်း စစ်ဘေးရှောင်စခန်းတို့ကို ညဉ့်မချိန်မတော် ရမ်းသမ်းပစ်ခတ်မှုလုပ်၍ စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

မြန်မာစစ်တပ်က တပ်စွဲထားသည့် ကျောက်တော်တောင် မဟာမုနိဘုရားကုန်ပေါ်နှင့် ညောင်းချောင်စစ်ဘေးရှောင်စခန်း မဟာမုနိစစ်ဘေးရှောင်စခန်းတို့သည်  မလှမ်းမကမ်းတွင်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၆၀၀၀ နီးပါးခန့် နေထိုင်ကြသည့် ရခိုပြည်နယ်အတွင်း အကြီးဆုံးစစ်ဘေးရှောင်စခန်းများ ဖြစ်ကြသည်။

ညောင်းချောင်းစစ်ဘေးရှောင်တစ်ဦးက”၈ နာရီ ဝန်းကျင်လေးက နေစပြီး ပစ်ခတ်ပါတယ်။ ပထမ ပစ်ခတ်တာတော့ ၆၆ မမ တစ်လုံးပစ်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ မနားတမ်းပစ်တယ်။ ကျနော်ခန့်မှန်းသလောက်ကတော့ အချက် ၃၀ ကနေ ၄၀ အထိပစ်တယ်။ မဟာမုနိကျောက်တော်တောင်က တပ်စွဲထားတဲ့ တပ်မ ၅၅ ကနေ ပစ်တာဗျ။ ၅ မိနစ်ကြာ ပစ်တယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ဒီလို တစ်ဖက်သတ် ပစ်တာဗျ။ အဲ့ဒီကနေပစ်လိုက်တဲ့ လက်နတ်ငယ်တွေရဲ့ ကျည်တွေက ညောင်းချောင်း စစ်ဘေးရှောင်စခန်းနဲ့ မဟာမုနိ စစ်ဘေးရှောင်တွေမှာ ကျည်တွေ ပြန့်ကြဲနေတယ်” ဟုပြောသည်။

မဟာမုနိ ကျောက်တော် တောင်ပေါ်တွင် တပ်စွဲနေရာယူထားသည့် စကခ တပ်မ ၅၅ ကနေ ကတုတ်ကျင်းများ  ဘုရားကုန်းတစ်လျှောက်ပတ်ပတ်လည်တွင် တူးထားပြီး အသီးသီးနေရာထားရာကနေ ပစ်ခတ်မှုလုပ်ခြင်းဖြစ်ကြောင်း မဟာမုနိစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူများက ပြောသည်။

“ကလေးတွေက အော် ငိုကြတယ်။ ပထမတိုက်ပွဲဖြစ်တယ်လို့ ထင်ကြတာ။ ဒါပေမယ့် တိုက်ပွဲဖြစ်တာမဟုတ်ဘဲ ဘုရားပေါ်ကနေ မြန်မာစစ်တပ် လက်နတ်ငယ်တွေ တောက်လျှောက်ပစ်နေတယ်။ တစ်ညလုံးကျမတို့အိပ်မရဘူး။ နောက်ထပ် ပစ်မလားဆိုပြီး စိုးရိမ်နေကြတာ။ ဘုရားပေါ်မှာလည်း မြန်မာစစ်တပ်က ကတုတ်ကျင်းတွေတူးပြီနေရာယူထားတယ်” ဟု ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များတစ်စုံတရာထိခိုက်ဒဏ်ရာရှိမှု မရှိသော်လည်း  သေနတ်ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက”စစ်ဘေးရှောင်စခန်းတွေကို တမင်ရည်ရွယ်ပြီး ပစ်တာကတော့ ဒါက လုံးဝ လက်ခံလို့ မရပါဘူး။ ကျနော်တို့ ကျောက်တော် မြို့ပေါ်ကတောင် ပစ်ခတ်မှုတွေကြားနေရတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ စစ်တပ်က တစ်ဖက်သတ် ပစ်နေတာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ULA/ AA၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို နှောင့်ယှက်မှုရှိနေသည့် အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန်မဖြစ်နိုင်ဟု ULA/AA၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက  ကပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာမှုများရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးလာနိုင်သည်ဟု ရက္ခိုင့်တပ်တော်က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များအတွင်းက သာသနိက အဆောက်အဦးများနှင့် စာသင်ကျောင်းများတွင် စစ်ကောင်စီ စခန်းချနေရာယူမှုများရှိပြီး ယင်းက တစ်ဆင့် ဒေသခံများအား ဖမ်းဆီးခြင်း၊ ရှာဖွေခြင်းအနှောင့်အယှက်ပေးခြင်းတို့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မေလ ၃၀ ရက်နေ့ မနက်ပိုင်းက ပလက်ဝမြို့နယ် အဘောင်သားကျေးရွာသို့ စစ်ကောင်စီအင်အား ခန့်မှန်း ၆၀ ဝန်းကျင်က ရောက်ရှိလာပြီး ရွာသားများကို ရိုက်နှက်မှုများ ပြုလုပ်ကာ ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်းများအား သိမ်းဆည်းသွားခဲ့သည်။

ယင်းအပြင် အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ဆယ်အိမ်မှူး ပြန်လွတ်လာသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးထားကြောင်း ဒေသခံများကပြောဆိုသည်။

အလားတူ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို အေအေအတွက် ငွေကြေးကောက်ခံသည်ဟုဆိုကာ စစ်တပ်က မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

စစ်တွေမြို့နယ် တရားရုံးက အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်သည့် ရခိုင်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် မွတ်ဆလင်အုပ်ချုပ်ရေးမှူး ၁ ဦးတို့ကို မေလ ၂၄ ရက်နေ့က စစ်တွေမြို့ မြို့မရဲစခန်းမှ ခေါ်ယူဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရခိုင်ပြည်နယ်တွင် PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခံရသူ ရခိုင်လူငယ် ၈ ဦးနှင့်အထက် မနည်းရှိနေပြီး တရားရင်ဆိုင်နေရသူလည်း အများအပြားရှိသည်။

https://www.facebook.com/westernnewsagency/posts/533740595099116

Leave a Reply

Your email address will not be published.