ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုနှစ်တွင် အပြီးပြောင်းရွှေ့မည်ဟုပြော

By Development Media Group (DMG)/ 2022 May 11

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုနှစ်အတွင်း ပြောင်းရွှေ့နိုင်ရန်အတွက် နေရာသစ်တွင် နေအိမ်များကို ယခုနှစ်အတွင်းအပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ဒုက္ခသည်များကို ပြောင်းရွှေ့မည့်မြေနေရာသစ်တွင် နေအိမ်အလုံးရေ ၃၀၀ ကျော်ဆောက်လုပ်သွားမည်ဖြစ်ကာ လက်ရှိတွင် ၄၀ ရာခိုင်နှုန်းခန့်(နေအိမ်အလုံး ၁၀၀ ကျော်) ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကပြောသည်။

“အဲဒီနေအိမ်တွေကို ဒီနှစ်အတွင်းမှာအပြီးဆောက်လုပ်ပြီးတော့ ဒုက္ခသည်တွေကိုလည်း ဒီနှစ်အတွင်းမှာပဲ အပြီးပြောင်းရွှေ့ ပေးမှာပါ။ အဲဒီထဲမှာ ရေကန်တွေ၊ ဆေးပေးခန်းတွေပါတယ်။ အခုဆောက်လုပ်နေတာနဲ့ပတ်သက်ပြီး ကျနော်တို့မှာ ဘာအခက်အခဲမှတော့ မရှိပါဘူး”ဟု ၎င်းကဆိုသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းကို အပြီးတိုင်ဖျက်သိမ်းပြီး ဒုက္ခသည်များကို ကျေးရွာသစ်တွင် နေရာချထားပေးရန်အတွက် နေအိမ်များကို အဆိုပါနေအိမ်များကို ဆောက်လုပ်နေခြင်းဖြစ်သည်။

ထိုသို့ဆောက်လုပ်ရာတွင် နေအိမ်တစ်လုံးလျှင် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိသည့်မြေနှင့် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအမျိုးအစား)တန်ဖိုးနည်းအိမ်များကို ဖော်ဆောင်ပေးနေသည်ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကပြောသည်။

“ကျနော်တို့ကတော့ သူတို့အဆင်ပြေပြေနေထိုင်ဖို့အတွက် ကျေးရွာတစ်ရွာဖြစ်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဒုက္ခသည်များကို နေရာချထားပေးရန်အတွက် နေအိမ်များဆောက်လုပ်မှုအပြင် ယာယီစာသင်ကျောင်း၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ရေရရှိရေးလုပ်ငန်းနှင့် မီးသွယ်တန်းရေးလုပ်ငန်းများကိုလည်း တစ်ဆက်တည်းလုပ်ဆောင်နေသည်ဟု ပြည်နယ်စစ်ကောင်စီမှ သိရသည်။

ထိုသို့ပြောင်းရွှေ့ရမည့်နေရာသစ်မှာ ကျောက်တစ်လုံးဒုက္ခသည်စခန်းနှင့် တစ်ဖာလုံခန့်ကွာဝေးပြီး မြို့နှင့်အလှမ်းဝေးခြင်း၊ မိုးရာသီတွင်ရေကြီးခြင်း၊ နွေရာသီတွင်ရေရှားပါးခြင်း စသည့်အခက်အခဲများကြုံတွေ့နိုင်သည်ဟု ပြောင်းရွှေ့ရမည့်ဒုက္ခသည်များက စိုးရိမ်နေကြသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ကိုကျော်ဇင်လင်းက “အဲဒီနေရာဟာ မြို့နဲ့လည်းအရမ်းဝေးတော့ အလုပ်အကိုင်ရှားပါးမှာ။ ပြီးတော့ မြေနေရာလည်းအရမ်းနိမ့်တယ်။ မိုးရာသီရေကြီးမှာကို စိုးရိမ်ပါတယ်။ ဒါတွေမဖြစ်ရအောင် အစိုးရဘက်က တိကျတဲ့စီမံကိန်းတွေနဲ  လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်”ဟု ဆိုသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေ ၁၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခကြောင့် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဒုက္ခသည်စခန်းများကိုပိတ်သိမ်းနိုင်ရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် NLD အစိုးရ လက်ထက်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2290866291065769

Leave a Reply

Your email address will not be published.