ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ပေးမည်၊ သို့သော် လုံးဝခွဲမထွက်ရဟု စစ်ကောင်စီဆိုပြန်

By Western News/ 2022 May 20

ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းကိုပေးမည် သို့သော်လည်း ပြည်ထောင်စုထဲက လုံးဝခွဲမထွက်ရဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP သတင်းဌာနနှင့် ရုပ်သံအင်တာဗျူးတွင် ဖြေဆိုထားသည်။

မေလ ၁၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နဲ့တွေ့ဆုံသည့်အခါ အမြင့်ဆုံးနိုင်ငံရေးအဆင့်များ တောင်းဆိုမှုပြုလုပ်လာခဲ့လျင် မည်မျှအထိ ပေးနိုင်မည်နည်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုခဲ့သည်။

“တပ်မတော်ရဲ့ ရပ်တည်ချက်က ခင်ဗျားတို့ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခင်ဗျားတို့ကိုပေးမယ်။ ခင်ဗျားတို့ဆီက အာမခံချက် တစ်ခုတော့ ပေးရမယ်။ လုံးဝခွဲမထွက်ရ ဒါပဲ။ အဲဒီတော့ကျ ခင်ဗျား ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းပေးတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်လည်းပေးတယ်။ ခွဲမထွက်ရဘူးဆိုတာကိုကျ အာမ မခံဘူးဆိုရင် ဒို့က ဘာလုပ်မှာလဲ ဒါပဲ” ဟုဖြေခဲ့သည်။

ပြီးခဲ့သည့် NLD ဦးဆောင်သည့် အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ၂၁ ရာစုပင်လုံညီလာခံတွင် EAOsများ အမြင့်ဆုံးတောင်းဆိုသည့်အထဲတွင် ကွန်ဖက်ဒရက် အဆင့်ထိ ပါဝင်ကြောင်း ဇော်မင်းထွန်းပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လုံးဝခွဲမထွက် ဟု အာမခံချက် မပေးခြင်းသည် ခွဲထွက်ချင်၍ လုပ်ခြင်းသာဖြစ်ကြောင်း ၄င်းကဆိုသည်။

“လုံးဝခွဲမထွက်ရ ဆိုတာကျ အာမ မခံဘူး။ ရှင်းရှင်းလေးရယ် ခွဲထွက်ချင်လို့ လုပ်တာ။ အဲဒီတော့ကျ ကျနော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား၊ ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ခုလိုချင်ရင်တော့ တစ်ခုကတော့ ညှိနှိုင်းရတော့မယ်” ဟုပြောသည်။

တိုင်ရင်းသားဒေသများတွင် နှစ်ပေါင်း ၇၀ ကျော်ကြာ လက်နက်ပဋိပက္ခများ ဖြစ်ပွါးလျှက်ရှိပြီး တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ တောင်းဆိုခဲ့သော်လည်း စစ်တပ်က အပြောသပ်သပ်ဖြင့်သာ ရှိပြီး လက်တွေ့အပြောနဲ့ အလုပ်မညီကြောင်း ရက္ခိုင့်တပ်တော် AAက ပြောသည်။

လက်ရှိတွင်လည်း  စစ်ကောင်စီက တိုင်းရင်းသားဒေသများ အပါအဝင် ပြည်မဖက် ဒေသတစ်ချို့ကို ထိုးစစ် တိုက်ခိုက်မှုရှိနေပြီး နေအိမ်တစ်ချို့မီးရှို့ ခံနေရသလို နေ့စဉ်အရပ်သားပြည်သူများလည်း သတ်ဖြတ်ခံနေရသည်။

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်ကို လုံးဝလွတ်လပ်ရေးရလိုကြောင်း ဘင်္ဂလားဒေ့ချ် နေ့စဥ်ထုတ် Prothom Alo သတင်းဌာနနှင့်အင်တာဗျူးတွင် ဖြေဆိုထားသည်။

စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်နှင့် တစ်ချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ယနေ့ မေလ၂၀ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံနေကြာင်းသိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/526313369175172

Leave a Reply

Your email address will not be published.