By Western News/ 2022 May 19
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကမ်းထောင်းကြီး စစ် ဘေးရှောင်စခန်းတွင် ယခင်မြေနေရာဟောင်း၌ ကျန် နေခဲ့သူများကို နေရပ်ပြန်ရန် စခန်းတာဝန်ခံများက ဖိအားပေးမှုများရှိနေသည်ဟု စစ်ဘေးရှောင် များကပြောသည်။
နေရပ်ပြန်ရန်ဖိအားပေးခံနေရသည့် အိမ်ထောင်စု ၇၂ စုမှ လူဦးရေ ၂၄၄ ဦးသည် မိမိတို့နေရပ်ကို ပြန်ရန်စာရင်းပေးထားကြသူများဖြစ်ကြောင်းသိရသည်။
အဆိုပါ အိမ်ထောင်စု ၇၂ စုမှာ အစိုးရဆီမှ ငွေ ၅ သိန်းနှင့် ဆန်ရိက္ခာထောက်ပံ့မှုမရရှိသေးသည့်အတွက် လက်တလောအခြေအနေတွင် နေရပ်မပြန်နိုင်ခြင်းဖြစ်ကြောင်း ထောက်ပံ့မှုရရှိလျှင် ချက်ချင်းထွက်သွားပေးမည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
“ကျွန်မတို့က နေရပ်ပြန်ဖို့စာရင်းပေးထားတာမှန်ပါတယ်။ ဒါပေမယ့် နေရပ်ကိုပြန်ရင် ကျွန်မတို့ရဲ့ ဘဝတွေ ပြန်လည်အခြေချဖို့အတွက် အစိုးရဆီက ငွေ ၅ သိန်းနဲ့ ဆန်ထောက်ပံ့တာရှိပါတယ်။ ကျွန်မတို့က ဒီထောက်ပံ့မှုကို ရဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပါတယ်။ ဒီထောက်ပံ့မှုသာရရင် ကျွန်မတို့ထွက် သွားပေးမှာပါ။ အခုက ကျွန်မတို့ကို စခန်းတာဝန်ခံတွေဖက်က ထောက်ပံ့မှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ မေလ ကုန်ရင်ပြန်ရမယ်လို့ ဖိအားပေးတာတွေရှိပါတယ်။ လက်မှတ်တွေလည်း အတင်းထိုးခိုင်းတာတွေရှိပါတယ်” ဟုပြောသည်။
စစ်ဘေးရှောင်စခန်းကို ယခင်မြေနေရာဟောင်းဖြစ်သည့် ဘောလုံးကွင်းမှ တခြားနေရာသို့ပြောင်းရွှေ့ပေးရန် ကမ်းထောင်းကြီး ကျေးရွာသူ၊ သားများ တောင်းဆိုမှုကြောင့် ယင်းနေရာနှင့်အနည်းငယ်ဝေးသည့် မြေနေရာသစ်ကိုပြောင်းရွှေ့ထားသည်ဟုသိရသည်။
ယခင်က စစ်ဘေးရှောင်အိမ်ထောင်စု ၁၇၈ စုရှိရာမှ ၇၃ စုမှာ နေရပ်ပြန်ရန်စာရင်းပေးထားသည့်အတွက် မြေနေရာဟောင်းတွင်ဆက်လက်နေထိုင်နေကြခြင်းဖြစ်ပြီး ကျန် ၁၀၅ စုမှာ မြေနေရာသစ်ကို ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။
မြေနေရာဟောင်းတွင် ကျန်ရှိနေခဲ့သည့် အိမ်ထောင်စု ၇၃ စုမှာ နေရပ်ကိုပြန်နိုင်သည့် ကျေးရွာများမှဖြစ်သည့်အတွက် ၎င်းတို့ကိုယ်တိုင် ယခုလကုန်တွင် နေရန်ပြန်ရန် ပြောဆိုထားခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်လုံးကပြောသည်။
“သူတို့က သူတို့ဘာသာ WFPကထောက်ပံ့မှုရရင်ထွက်သွားပါမယ်လို့ ပြောထားကြတာပါ။ ကျွန်တော်တို့ အစည်းအဝေး ၃ ကြိမ်လောက်ခေါ်ပြီး သူတို့နဲ့ဆွေးနွေးပြီးတော့မှ သူတို့က နေရပ်ပြန်ဖို့စာရင်းပေးကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မြေနေရာဟောင်းဟာ ဘောလုံးကွင်းဖြစ်နေတော့ လူငယ်တွေက ဘောလုံးကန်ချင်ကြတယ်။ ရွာသားတွေဖက်ကလည်း နေရာရွှေ့ပေးပါဆိုလို့ ကျွန်တော်တို့ တခြားနေရာကိုရွှေ့ပေးထားပါပြီ။ သူတို့ကို နေရပ်အတင်းပြန်ပါဆိုပြီးမပြောပါဘူး။ သူတို့ဘာသာ ပြန်မယ်ဆိုပြီးပြောတာပါ” ဟုဆိုသည်။
မြေနေရာသစ်ရှိစစ်ဘေးရှောင်စခန်းမှာ လယ်ပိုင်ရှင် တစ်ဦးဆီမှ လယ် ၂ ဧကကို တစ်နှစ်လျှင် ငွေကျပ် သိန်း၂၀ ဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး ငွေကြေးကိုကော်မတီဝင်များက ချေးငှားပေးထားသည်ဟု ၎င်းကဆိုသည်။
မြေနေရာသစ်ဖက်တွင်နေထိုင်သည့် စစ်ဘေးရှောင်တစ်ဦးဖြစ်သည့် ကိုခင်မောင်ဦးက ” ကျွန်တော်တို့က ဒါးလက်ချောင်းဖက်ကမို့ နေရပ်ကို လုံးဝပြန်လို့မရနိုင်သေးတဲ့အခြေအနေမှာရှိနေလို့ နေနေရတာပါ။ ဒီဖက်ကို ပြောင်းလာကတည်းက မြေနေရာငှားထားရတဲ့အတွက်ဆိုပြီး တစ်အိမ်ထောင်ကို လစဉ်ကြေး ၂၀၀၀ ကျပ်စီ စခန်းကော်မတီဝင်တွေ တာဝန်ခံတွေဖက်ကကောက်ခံတာရှိပါတယ်” ဟုဆိုသည်။
နေရပ်ပြန်ဖို့စာရင်းပေးထားသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၂စုအတွက် ထောက်ပံ့မှု ပေးရန်ရှိ၊မရှိနှင့်ပတ်သက်၍ ကမ်းထောင်ကြီးမြို့အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ဖက်က သူတို့ပြန်ရင် ထောက်ပံ့ငွေရရှိဖို့အတွက် မြို့နယ်ကနေတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးဖက် ကို တင်ပြတောင်းဆိုထားတာ ရှိပါတယ်။လက်ရှိအထိတော့ အကြောင်းပြန်လာတာမရှိသေးပါဘူး။ ဆန်ရိက္ခာကတော့ လစဉ်ထောက်ပံ့ထားပါတယ်” ဟုဆိုသည်။
အဆိုပါ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း ၂ ခုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ခန့်ကတည်းက စစ်ဘေးဆန်ရိက္ခာထောက်ပံ့မှုရပ်တန့်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
လက်ရှိတွင် WFPမှ တစ်လကို လူတစ်ဦးလျှင် ငွေကျပ် ၁၇၀၀၀ ကျပ် ထောက်ပံ့မှုတစ်ခုတည်းဖြင့်ရပ်တည်နေရကြောင်းသိရသည်။
ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ အများစုမှာ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသဖက်မှဖြစ်ပြီး ဆင်ကူးတန်း၊ လေသွမ်၊ ဟင်းခရော်ရွာဖက်မှဖြစ်ကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/525734369233072