ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်၍ ကမ်းရိုးတန်းဒေသနေပြည်သူများ သတိထားနေထိုင်ကြရန် တိုက်တွန်း

By Narinjara / 2022 May 06

အေးမြတ်ခိုင်

ဓာတ်ပုံ – အေးမြတ်ခိုင် / နိရဥ္စရာ

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်၍ ရခိုင်အပါအဝင် ကမ်းရိုးတန်းဒေသနေပြည်သူများ သတိထားနေထိုင်ကြရန် ရခိုင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအေးကျော်က တိုက်တွန်းလိုက်သည်။

“ဒီကာလ မိုးဦး၊ လေဦးဆိုတော့ မုတ်သုန်ဝင်လာတဲ့အချိန်ကျရင် ကမ်းရိုးတန်းမှာနေတဲ့ ကျွန်တော်တို့ဒေသတွေဟာ သတိဝိရိယနဲ့တော့ နေဖို့လိုတာပေါ့နော်။ မိုးတအားရွာရင် လျှပ်တပြတ် ရေကြီးတာတွေ ဖြစ်နိုင်တာပေါ့နော်။ လေဆင်နှာမောင်းတွေ၊ မိုးကြိုးတွေလည်း ပါလာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ အကြံပြုဆွေးနွေးလိုတယ်’’ဟု ပြောသည်။

ယနေ့ မေလ ၆ ရက် နံနက် ၁၀ နာရီအချိန် တိုင်းထွာချက်များအရ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်(၄၈) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်သည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန၏ ယနေ့နံနက် ၁ဝ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။

ဦးထွန်းအေးကျော်က “နေပြည်တော်မိုးဇလကလည်း ဒီမေလ ပထမပတ် ၁၀ ရက်ထဲမှာ မုန်တိုင်းဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားတယ်။ လက်ရှိအခြေနေအရလည်း ဒီနေ့ သို့မဟုတ် မနက်ဖြန် ၅ ရက်၊ ၆ ရက်နေ့တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်မယ်။ နောက်အားကောင်းလာပြီးရင် မုန်တိုင်းငယ်ပေါ့။ မုန်တိုင်းငယ်ကနေတဆင့် အားကောင်းသော မုန်တိုင်းအဆင့်တွေအထိ ရောက်နိုင်တယ်ပေါ့”ဟု ပြောသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေသည်ဟုလည်း မိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/5436760173002682

Leave a Reply

Your email address will not be published.