(ငါးဦးမှာ ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်ခံထားရ)
By Boder News Agency (BNA) / 2022 April 30
ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေရဲ့ စစ်ရေးလှုပ်ရှားမှုမရှိတဲ့အပြင် ဒေသတွင်း တည်ငြိမ်နေတဲ့ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး တရားစွဲခံရကာ ပြစ်ဒဏ်အမိန့်ချမှတ်ခံရသူ ငါးဦးအထိ ရှိပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဒေသခံအနည်းဆုံး ၁၃ ဦးကို စစ်ကောင်စီက PDF နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မတွေနဲ့ အမှုဖွင့်တရားစွဲ၊ ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ အဲဒီအထဲက ငါးဦးကို ပြစ်ဒဏ် ကိုယ်စီနဲ့ အမိန့်ချ မှတ်လိုက်ပြီဖြစ်ပါတယ်။
မနေ့က ဧပြီလ ၂၉ ရက်နေ့ကဆိုရင် PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားခံရတဲ့ တောင်ကုတ်မြို့က ဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ဟာ အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေခဲ့သူပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာဆိုရင်လည်း သံတွဲမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအမတ် ရဲ့ ညီမသူအပါအဝင် အမျိုးသမီးသုံးဦးကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပုဒ်မနဲ့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။
အဲဒီ့မတိုင်ခင် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါကို PDF နဲ့ ဆက်စပ် တယ်ဆိုတဲ့ စွဲချက်နဲ့ပဲ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။
ဒီလိုမျိုးဖမ်းဆီးနေတာဟာ စစ်ကောင်စီအနေနဲ့ စိုးရိမ်လွန်ပြီး လုပ်နေတာဖြစ်တယ်လို့ ရခိုင်လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဖေသန်းက ထောက်ပြထားပါတယ်။
“တမင်တကာကို ကြောက်သွားအောင် လုပ်နေတာလို့ ထင်ပါ တယ်။ ဒါမျိုးတွေ မလုပ်သင့်ပါဘူး။ အပြစ်မရှိတဲ့သူတွေ နစ်နာတယ်လေ”လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုခဲ့သူတွေထဲမှာ အမျိုးသမီး ခုနှစ်ဦးပါဝင်ခဲ့ပါတယ်။ အဲဒီအထဲက အမျိုးသမီးနှစ် ဦးနဲ့ အမျိုးသားတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်ထပ် ငါးဦးကတော့ တရားရုံးတွေမှာ တရားရင်ဆိုင်နေရ ဆဲပါ။
ရခိုင်ပြည်နယ်အတွင်းက PDF နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ တရားစွဲ၊ ဖမ်းဆီးခံခဲ့ရတဲ့၊ ခံထားရဆဲဖြစ်တဲ့သူတွေထဲ မှာ အွန်လိုင်းမှတစ်ဆင့် စျေးရောင်းသူတွေ၊ ဆိုင်ကယ်အရောင်းအဝယ်လုပ်သူ၊ တက္ကစီမောင်းသူ၊ ပညာရေးဝန် ထမ်း၊ လွှတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ခဲ့သူတွေနဲ့ NLD ပါတီဝင်တွေ ပါဝင်ပါတယ်။
အဲဒီတရားစွဲခံခဲ့ရသူတွေဟာ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူနဲ့ မြောက်ဦးမြို့နယ်တို့က ဖြစ်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=164083132700668&id=107469705028678