AA က စစ်သင်တန်းပေးပြီး လက်နက်ခဲယမ်းတွေပါ ထောက်ပံ့ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – မင်းတပ် ထုတ်ပြန်

(AA ဆီက စစ်ရေးအကူအညီရယူခဲ့ကြောင်း ထုတ်ပြောတဲ့ တော်လှန်ရေးတပ်ဖွဲ့ အနည်းဆုံး ၇ ခု ရှိပြီ)

By Boder News Agency (BNA) / 2022  April 27

ဓာတ်ပုံ-CDF-Mindat

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)ကို ရက္ခိုင့် တပ်တော်(AA)က စစ်သင်တန်းပေးပြီး လက်နက်ခဲယမ်းတွေပါ အကူအညီပေးခဲ့တယ်လို့ CDF-Mindat က ဧပြီလ ၂၆ ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခြင်းကြောင့် စစ်ပညာအားနည်းနေသေးတဲ့ CDF-Mindat အနေနဲ့ ရက္ခိုင့်တပ်တော် (AA)ဆီကို စစ်ပညာသင်ယူဖို့ ရဲဘော် အယောက် ၃၀ စေလွှတ်ခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲ ဒီအထဲက နောက်ဆုံးအသုတ် ပြန်လာတဲ့ ရဲဘော် ၁၅ ယောက်ဟာ လက်နက်ခဲယမ်းတွေ အပြည်အစုံနဲ့ ပြန်ရောက် လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်လိုအမျိုးအစားသေနတ်တွေနဲ့ ခဲယမ်းဘယ်လောက်ထောက်ပံ့တယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်မပြောထားပါဘူး။

CDF-Mindat က ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာတော့ ချေမှုန်းရေးရိုင်ဖယ် AK-47 လို့ ယူဆရတဲ့ သေနတ်အချို့အ ပါအဝင် မောင်းပြန်ရိုင်ဖယ်တွေကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလ ၂၃ ရက်နေ့က မှတ်တမ်းယူ ထားခဲ့တဲ့ အဲဒီရုပ်သံဖိုင်ကို ယခုထုတ်ပြန်တာပါ။

ရက္ခိုင့်တပ်တော်(AA)အပေါ် နားလည်မှုလွှဲနေတဲ့ ချင်းလူမျိုးတချို့ကြောင့် အဲဒီရုပ်သံဖိုင်ကို ထုတ်ပြန်ရတာဖြစ် တယ်လို့ CDF-Mindat တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ချင်းအခြေစိုက် Chin World သတင်း ဌာနက ရေးသားထားပါတယ်။

CDF-Mindat အနေနဲ့ ယခင်ကာလတွေမှာ စစ်ပညာသင်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ၊ နေရာပေါင်းစုံကို သွားရောက်ခဲ့ကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA ဆီကနေ စစ်ရေးအကူအညီရခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ ခြောက်ခုရှိခဲ့ပါတယ်။ ယခု CDF-Mindat အပါအဝင်ဆိုရင် AA ဆီက စစ်ရေးအကူအညီရယူထားတဲ့ လက်နက်ကိုင်အဖွဲ့ ခုနှစ်ခုအထိ ရှိပြီ ဖြစ်ပါတယ်။

AA ဆီက စစ်ရေးအကူညီရယူထားတဲ့အဖွဲ့တွေကတော့ မရာနယ်မြေအုပ်ချုပ်ရေး‌ ကောင်စီ/မရာနယ်မြေကာ ကွယ်ရေးတပ်ဖွဲ့(MATC/MDF)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ အာဏာရှင်တော် လှန်ရေးပြည်သူ့တပ်မတော် (ARPA)၊ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂ များ(တကသများ -ရန်ကုန် )/ကျောင်းသားလက်ရုံး တပ်တော် (က. လ.တ)၊ လူထုတော်လှန်ရေးမဟာမိတ်(PRA-Magway)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ဖြစ်ကြပါတယ်။

ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်မှာ တော်လှန်ရေးတစ်နှစ်ပြည့်ခဲ့ပါ တယ်။

AA ဟာ အာဏာသိမ်းမှုဆန့်ကျင်တော်လှန်ရေးမှာ အဖွဲ့တစ်ခုအနေနဲ့ မပါဝင်ပေမယ့် မဟာမိတ်တပ်တွေနဲ့ပူး ပေါင်းတိုက်ပွဲဝင်နေပြီး ဖိနှိပ်ခံနေကြရတာတွေကို ကိုယ်ချင်းစာကြောင်း၊ ဖိနှိပ်ခံအခြေအနေက လွတ်မြောက်ဖို့ ကြိုးစားနေတာတွေကိုလည်း လေးစားအသိအမှတ်ပြုကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မတ်လက ပြုလုပ်ခဲ့တဲ့ လစဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

https://www.facebook.com/permalink.php?story_fbid=163344652774516&id=107469705028678

Leave a Reply

Your email address will not be published.