၉၄ ကြိမ်မြောက် မြောက်ဦးဘုရားများဗုဒ္ဓပူဇနိယပွဲတော် ရိုးရာပြိုင်လောင်းပွဲနှင့် ကျင်ပွဲများထည့်သွင်းကျင်းပမည်

By Narinjara / 2022 April 30

၉၄ ကြိမ်မြောက် မြောက်ဦးမြို့ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) နှင့် ရိုးရာကျင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဟု သတင်းရရှိသည်။

အဆိုပါပွဲတော်ကို ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့မှ စတင်ပြီး မေလ ၁၆ ရက်နေ့ထိ (ကဆုန်လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၂ ရက်ထိ)  (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု ဘုရားဂေါပ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပွဲတော်အတွင်း ဘာသာရေးအရ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရီ (ရေ) သွန်းလောင်းပွဲကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်သလို ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

ပြိုင်လောင်း (လှေ)ပြိုင်ပွဲတွင် လက်တောင်အရှည် ၁၂ လံ အရှည်လှေ၊ ၈ လံ အရှည်လှေနှင့် ၆ လံ အရှည်လှေများဖြင့် အတန်း(၃) တန်းသတ်မှတ်ကာ ပြိုင်သွားမည်ဖြစ်သလို ရိုးရာကျင်ပွဲတွင်လည်း ရခိုင်တစ်ပြည်လုံးမှ ကျင်သန်ကြီးများကို ဖိတ်ကြားထားသည်ဟု သိရသည်။

ပြိုင်လောင်း (လှေ) ပြိုင်ပွဲတွင် ၁၂ လံ လှေပြိုင်ပွဲ ပထမဆုံကို ကျပ် ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ ၈ လံအရှည် လှေပြိုင်ပွဲတွင် ပထမဆု ၂၂ သိန်း၊ ဒုတိယဆု ၂၀ သိန်းနှင့် ၆ လံအတန်းတွင် ပထမဆု ၂၀ သိန်းနှင့် ဒုတိယဆု ၁၈ သိန်း ချီးမြှင့်သွားမည်ဟု သိရသည်။

ရခိုင်ရိုးရာကျင်ပွဲတွင် အကြီးတန်း ပထမဆု ကျပ် ၁၄ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယ ဆု ၆ သိန်းနှင့် စတုတ္ထဆု ၄ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။ ကျင်ပွဲအလတ်တန်းတွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယ ဆု ၅ သိန်းနှင့် စတုတ္ထဆု ၃ စီချီးမြှင့်ကာ တတိယတန်းတွင်  ပထမဆု ကျပ် ၈ သိန်း၊ ဒုတိယဆု ၆ သိန်း၊ တတိယ ဆု ၄ သိန်းနှင့် စတုတ္ထဆု ၃ သိန်းစီ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ယခင်နှစ်များက ထည့်သွင်းကျင်းပလေ့ရှိသည့် ဘောလုံးပွဲကို ထည့်သွင်းကျင်းပမည်မဟုတ်ဟု သိရသည်။

မြောက်ဦး ဘုရားများပွဲတော်သည် မိုးမကျမီ ပြုလုပ်သည့် ရခိုင်ပြည်က နောက်ဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ လာရောက်ကြသဖြင့် အလွန်စည်ကားကာ ပွဲတော်ရက်အတွင်း သင်္ဂနဒီမြစ် (လက်ရှိ မြောက်ဦးချောင်း) အတွင်း ပြုလုပ်သည့် လှေပြိုင်ပွဲတွင် ရေပက်ကစားကြသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/5420352261310140

Leave a Reply

Your email address will not be published.