By Boder News Agency (BNA) / 2022 April 25

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အောက်ရွာအနီးမှာ မနေ့ ဧပြီလ ၂၄ ရက်နေ့က အမ်း- မအီ ကားလမ်းဘေးရှိ နေအိမ်တွေကို စစ်ကောင်စီက ဖယ်ရှားပေးဖို့ အတင်းအကျပ်ဖိအားပေးမှုကြောင့် နေအိမ် ၁၃ လုံး ဖြိုဖျက်ပေးခဲ့ရပါတယ်။
အဲဒီ ကားလမ်းအနီးမှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီက လာမယ့် မနက်ဖန် ဧပြီ ၂၆ ရက်နေ့မှာ နောက်ဆုံးထား အပြီးဖယ်ရှားပေးဖို့ ဖိအားပေးညွှန်ကြားထားကြောင်း ကျော်ဇံဆီဆိုင်ပတ်ဝန်းကျင်ရှိ ကားလမ်းအနီး ဒေသခံတစ်ဦးက BNA ကိုပြောပါတယ်။
“အခုလို နေအိမ်တွေကို မထင်မှတ်ပဲ ဖယ်ခိုင်းတဲ့အခါ မိုးရာသီလည်းရောက်တော့မှာဆိုတော့ အခက်အခဲဖြစ်ပါတယ်။ တာဝန်ရှိတဲ့သူတွေကို့တော့ နေထိုင်စရာမြေပေးဖို့ တောင်းဆိုချင်ပါတယ်။ အခုက သူများအိမ်မှာ ကပ်ပြီးနေရတာအဆင်မပြေဘူး။ မျက်နှာကြည့်ပြီးနေရတယ်” လို့ ဆိုပါတယ်။
အဲဒီ ကျော်ဇံဆီဆိုင်ပတ်ဝန်းကျင်မှာ အိမ်ခြေ ၄၀ ကျော်လောက်ရှိပြီး ဧပြီလ ၂၃ ရက်နေ့က စလို့ နေအိမ်တွေ ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာရောက်ပြောကြားလာတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ တချို့က လိုအပ်တဲ့ပစ္စည်းတွေကို ယူဆောင်သွားဖို့ မိမိနေအိမ်တွေကို ကိုယ်တိုင်ဖြိုဖျက်နေကြပြီး မဖြိုဖျက်ရသေးတဲ့နေအိမ်အများအပြားကျန်ရှိတဲ့အတွက် သတ်မှတ်အချိန်အတွင်း မဖြိုပေးဘူးဆိုရင် ဘတ်ဟိုးတွေနဲ့ အင်အားသုံးဖယ်ရှားမယ်ဆိုပြီး ခြိမ်းခြောက်ခံထားကြောင်း ဒေသခံတွေကပြောပါတယ်။
အမ်းမြို့က လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုမျိုးလွင်က ” အခုချိန်ထိတော့ အစိုးရကော၊ အရပ်ဖက်အဖွဲ့အစည်းတွေကပါ ကူညီပေးတာမရှိသေးဘူး။ အမ်းမြို့နယ်က စစ်တပ်မြို့ဖြစ်တဲ့အခါ ကြောက်လို့ အသံမထွက်ရဲကြဘူး။ ဒေသခံတွေက မပြောဝံ့တဲ့အခါ လူမသိ သူမသိတဲ့ အနိုင်ကျင့်ခံရတာတွေ ရှိတယ်။ အခုသူတို့မှာ အများကြီးအခက်အခဲ ဖြစ်နေတယ်” လို့ ဆိုပါတယ်။
အဲဒီ ကားလမ်းအနီးမှာနေထိုင်သူတွေဟာ ရခိုင်လူမျိုးအများစုနဲ့ အခြား ချင်း၊ ဗမာ စတဲ့လူမျိုးတွေနေထိုင်ကြပြီး သီဟိုခင်းစိုက်ပျိုးမှု၊ ဝါးခုတ်တာနဲ့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ ဖွင့်ပြီး လုပ်ကိုင်စားသောက်နေကြတာဖြစ်ကြောင်း သ်ိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း အမ်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၃၆ လုံး ကို စစ်တပ်ပိုင်မြေပေါ်တွင် ကျူးကျော်တယ်ဆိုပြီး ဖယ်ရှားခဲ့ကာ ယခု ကျော်ဇံဆီဆိုင်ဝန်းကျင်က နေအိမ်တွေကိုလည်း တပ်ပိုင်မြေပေါ်ဆောင်လုပ်တယ်ဆိုပြီး ဖိအားပေး ဖယ်ရှားခိုင်းနေတာ ဖြစ်ကြောင်း သိရပါတယ်။
စစ်ကောင်စီဟာ အမ်းမြို့ပေါ်မှာလည်း အမ်းမြို့မရဲစခန်းဟောင်း မြေပေါ်က စျေးဆိုင်ခန်းတွေနဲ့ နေအိမ်တွေကို ဖယ်ရှားဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးအမိန့်နဲ့ ဖိအားပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။
https://www.facebook.com/permalink.php?story_fbid=162879632821018&id=107469705028678