By Development Media Group (DMG)/ 2022 April 07
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သဗြုချိုင်ကျွန်း ကျောက်မြောင်းကျေးရွာတွင် စေတီအားပြန်လည်ပြုပြင်ရန်တူးဖော်ရာတွင် ရှေးဟောင်း ကျောက်စာများအပါအဝင် ဗုဒ္ဓဆင်းတုတော်တချို့နှင့် ရှေးဟောင်းပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
ထိုသို့တွေ့ရှိသည့်အထဲတွင် ထောင့်လေးထောင့်နှင့် ကျောက်စာ ၄ ချပ်၊ ငွေဒင်္ဂါးပြား ၁၅ ပြား၊ ဘုရား ၁၅ ဆူပါဝင်ပြီး ကျောက်စာများ၌ အင်းကွက်ပုံစံစာများရေးထိုးထားပြီး နတ်ရုပ်ကဲ့သို့ အရုပ်များလည်းပါရှိကြောသ်း ကျောက်မြောင်းရွာသား ဦးလှစောမောင်က DMG သို့ပြောသည်။
“ကျောက်ပြား ၄ ချပ်မှာ နှစ်ဖက်စလုံးမှာ စာတွေပါတယ်။ တစ်ဖက်မှာ အဓိကတော့အရုပ်တွေပါတယ်။ နတ်ရုပ်လို့ ပြောရမလား။ဘယ်လိုအရုပ်မျိုးလဲ ကျနော်တို့အတိအကျမသိဘူး။ ဒီကိစ္စတွေကို ရွာသားတွေကလည်း သိပ်နားမလည်ကြတော့ အတိအကျမသိနိုင်ကြဘူး”ဟု ၎င်းကျေးရွာသားက ပြောသည်။
ယခုတူးဖော်တွေ့ရှိသည့် ရှေးဟောင်းလက်ရာပစ္စည်းများကို ရွာဘုန်းကြီးကျောင်းတွင်ထိန်းသိမ်းထားပြီး မြောက်ဦးရှေးသုနှင့် သမိုင်းပညာရှင်များ လာရောက်ကြည့်ရှုရန် အကြောင်းကြားထားသည်ဟု ဦးလှစောမောင်ကဆက်ပြောသည်။
အဆိုပါရှေးဟောင်းလက်ရာများနှင့်ပတ်သက်ပြီး ငွေဒင်္ဂါးများမှာ မြောက်ဦးခေတ်ကဖြစ်သော်လည်း ငွေဘုရားဆင်းထုတော်များမှာ မည်သည့်ခေတ်ကဖြစ်သည်ကို အတိအကျပြော၍ မရသေးကြောင်း မြောက်ဦးရှေ့ဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။
၎င်းက “ကျောက်ချပ်မှာပါတဲ့စာတွေက အင်းကွက်ချထားတဲ့ ကျောက်စာတွေကိုတွေ့ရတယ်။ ဘုရားတွေကတော့ ငွေဘုရားတွေဖြစ်တယ်။ ငွေဘုရားမျက်နှာမမြင်ရတော့ ဘယ်ခေတ်ကလည်းဆိုတာကိုတော့ အတိအကျမပြောနိုင်သေးဘူး။ ငွေဘုရားတွေက မြောက်ဦးခေတ်ကလည်းသုံးသလို အင်္ဂလိပ်ခေတ်တုန်းကလည်း အများကြီးသုံးတယ်။ ငွေဒင်္ဂါးတွေကတော့ မြောက်ဦးခေတ်ငွေဒင်္ဂါးတွေပါ”ဟု DMG ကိုပြောသည်။
လက်ရှိမှာ အဆိုပါပစ္စည်းများကို သေချာထိန်းသိမ်းထားသင့်ကြောင်းနှင့် စေတီတူးဖော်ရာ၌တွေ့ရှိသည့်ဌာပနာဟုဆိုကာ စေတီတည်ဆောက်ရာတွင် ပြန်မထည့်တော့ပဲ အများဖူးမြော်နိုင်ရန် ပြသသင့်သည်ဟုလည်း ဒေါ်ခင်သန်းက တိုက်တွန်းပြောဆိုသည်။
“ဒါတွေကိုတွေ့တဲ့နေရာတွေမှာဘဲ သေသေချာချာ ထိန်းသိမ်းထားသင့်တယ်။ ဒီဘုရားတွေကို အများပြည်သူဖူးမြော်လို့ရအောင် ပြသထားသင့်တယ်။ ဌာပနာထဲကို ပြန်မထည့်သင့်ပါဘူး။ ပြန်ထည့်လိုက်မယ်ဆိုရင် ဒါက သမိုင်းအချက်အလက်တွေကို မြေနဲ့ပြန်ဖုံးလိုက်သလိုဖြစ်သွားမယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်မတ်လ ၁၇ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဇိုင်ချောင်းကျေးရွာတွင် နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိသည့် ဝေသာလီခေတ် ရှေးဟောင်းလက်ရာ စတူပါတစ်ဆူကို ကျေးရွာသားများက တွေ့ရှိခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2264422697043462