By Western News/ 2022 April 20

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပရဟိတစာသင်ကျောင်းဆောင်တစ်ဆောင်၊ ဆိုင်ခန်းနှင့် လူနေအိမ် ၃၀ ကျော်ခန့်မှာ တပ်ပိုင်နယ်မြေဖြစ်နေ၍ဟုဆိုကာ ဖယ်ရှားခံလိုက်ရကြောင်း ဖယ်ရှားခံရသူ ကာယကံရှင်မိသားစုများကပြောသည်။
ဖယ်ရှားခံလိုက်ရသည့်နေအိမ်များမှာ အမ်းမြို့နတ်စင်ကုန်းမှ နေအိမ် ၂၄ အိမ်၊ ပရဟိတစာသင်ကျောင်းတစ်ဆောင်၊ အမ်းမြို့သစ်မှ နေအိမ် ၈ လုံးနှင့် ကားလမ်းဆီဆိုင်တန်းဘက်မှ ဆိုင်ခန်းအချို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
နတ်စင်ကုန်းမှ နေအိမ် ၂၄ အိမ်ကို မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်အပါအဝင် ဌာနဆိုင်ရာအားလုံးမှ လာရောက်ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေစရာမရှိတော့၍ လမ်းဘေးနှင့် မြေလွတ်နေရာများတွင် တဲထိုး၍ နေထိုင်နေကြရသည်ဟု နတ်စင်ကုန်းမှ ဒေသခံတစ်ဦးက Western News ကိုပြောသည်။
“သူတို့က အဲ့နေရာတွေက တပ်ပိုင်မြေဖြစ်တယ် ဖယ်ပေးရမယ်ဆိုပြီး ပထမအကြောင်းကြားတယ်။ နေစရာမရှိတော့ တစ်ချို့ကပေခံနေတာပေါ့။ ၃၀ ရက်နေ့မှာ အင်အားသုံးပြီး အကုန်ဖြိုဖျက်သွားတယ်။ သူတို့အဲ့မှာနေတာကတော့ ၄ နှစ်လောက်ရှိပါပြီ။ အခုကတော့ နေစရာမရှိတော့ လမ်းဘေးတွေ တစ်ခြားယာယီနေလို့ရတဲ့နေရာတွေမှာ တဲတွေထိုးပြီးနေကြတယ်” ဟုပြောသည်။
နေအိမ်များနှင့်အတူ ဖယ်ရှားခံလိုက်ရသည့် ပရဟိတကျောင်းဆောင်မှာလည်း ဆင်းရဲနွမ်းပါးသည့်သူများနှင့် မိဘမဲ့ကလေးများအား စာသင်ပြရန်လုပ်ဆောင်ထားခြင်းဖြစ်ရာ လက်ရှိတွင် မြေနေရာမရှိတော့ဘဲ ဖြစ်နေသည်ဟု နတ်စင်ကုန်းဒေသခံများကပြောသည်။
ဧပြီ ၁၈ ရက်က ဖယ်ရှားခံလိုက်ရသည့် မြို့သစ်ဖက်မှ နေအိမ် ၈ လုံးထဲမှ ၆ လုံးမှာ မြေနေရာဖယ်ရှားရမည့်အရေးဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ အမ်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံခဲ့ရပြီး တရားရှုံးကာ နေအိမ်ဖယ်ရှားခံလိုက်ရခြင်းဖြစ်ကြောင်း ကာယကံရှင်တစ်ဦးကပြောသည်။
ဖယ်ရှားခံလိုက်ရသည့်နေအိမ်ပိုင်ရှင်များမှာ ယခင်ဘိုးဘွားလက်ထက်ကစ၍ နေထိုင်လာခဲ့သူများဖြစ်ပြီး ၁၉၈၈ တွင် တပ်ပိုင်မြေအဖြစ်သိမ်းယူစဥ်ကတစ်ခါ နေအိမ်ဖယ်ပေးခဲ့ရကာ ၂၀၁၄ ခုနှစ်တွင် ပြန်လည်နေထိုင်၍ရသည်ဟု ကြားသိရ၍ ၎င်းနေရာ၌ ပြန်လည်နေထိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
“အဘိုးအဘွားတွေလက်ထက်ကတည်းက အဆက်ဆက်နေထိုင်လာခဲ့တာပါ။ ၁၉၈၈ တုန်းက တပ်ပိုင်မြေဆိုပြီး တစ်ခါသိမ်းဖူးတယ်။ ၂၀၁၄ ရောက်တော့ ပြန်နေလို့ရပြီပြောကြတာကြောင့် ပြန်နေတယ်။ ၂ နှစ်လောက်နေပြီး ၂၀၁၇ မှ တပ်ကတရားစွဲလာတာပါပဲ။ အဲ့ကနေအမှုရင်ဆိုင်လာတာ ၂၀၂၂ ရောက်ပြီး ၅ နှစ်ကျော်ကြာမှ အမှုပြီးတယ်။ စာရွက်စာတမ်းတွေသေချာမပြနိုင်တဲ့အတွက် ကျမတို့ရှုံးတယ်လို့ အမ်းတရားရုံးကအမိန့်ချလိုက်ပါတယ်။ အခုတော့ငှားရမ်းပြီးနေနေရပါတယ်” ဟုပြောသည်။
အမ်းမြို့တွင် ယခုကဲ့သို့နေအိမ်ဖယ်ရှားမှုတို့မှာ ယခင်လည်းရှိဖူးပြီး လက်ရှိတွင် ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်ကာ တစ်ခြားနေရာအချို့ကိုလည်း ဖယ်ရှားမှုများပြုလုပ်မည်ဟု ကြားသိရသည့်အတွက် အမ်းဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိသာ်ဟု အမ်းဒေသခံ ကိုမျိုးလွင် ကပြောသည်။
“အရင်လည်း အမ်းမြို့မှာ ဒီလိုအဆောက်အဦးတွေလူနေအိမ်တွေကို ဖယ်ရှားတာရှိတယ်။ အဲ့တုန်းကလည်း အရမ်းဒုက္ခရောက်ကြရတယ်။ စိတ်ဒဏ်ရာတွေရသွားတဲ့အထိဖြစ်သွားတဲ့သူတွေရှိတယ်။ အခုလည်း တပ်ပိုင်မြေဆိုပြီးသိမ်းနေတာက ဘာလုပ်မလို့လဲ ဒါမှမဟုတ် သူတို့တပ်နဲ့ပဲ နီးလို့လားဆိုပြီး စိုးရိမ်စရာတော့ဖြစ်တာပေါ့။ အခုလည်း လေယာဥ်ကွင်းကို ဖြိုရမယ်ဆိုပြီး အသံတွေထွက်လာတယ်။ သူတို့လုံခြုံရေးအရပဲပြောပြော၊ တပ်ပိုင်မြေလို့ပဲဆိုဆို၊ ကျူးကျော်လို့ပဲပြောပြောပေါ့ ခုလိုအဆောက်အဦး လူနေအိမ်တွေဖြိုလာတာကတော့ အမ်းပြည်သူတွေအတွက် အတော်ဒုက္ခရောက်ကြရတယ်။ စိုးလည်းအတော်စိုးရိမ်နေကြတယ်” ဟုပြောသည်။
နေအိမ်နှင့် အဆောက်အဦးများဖယ်ရှားရာတွင် တာဝန်ရှိသူများမှ အဆင်ပြေနိုင်သည့် မြေနေရာအစားထိုးပေးမှုများမရှိခဲ့ဘဲ နေအိမ်များကိုသာ ဆိုင်ရာအင်အားများဖြင့်ဖယ်ရှားခဲ့ကြခြင်းဖြစ်သည်ဟု ကာယကံရှင်များကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား Western News မှ မေးမြန်းရန် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/506557137817462