အကြမ်းဖက်ပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်အား မျှော်လင့်နေကြ

By Western News/ 2022 April 03

ရခိုင်မှ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည့် သူများနှင့် မိသားစုဝင်တို့မှာ လာမည့်မြန်မာနှစ်သစ်ကူးတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခွင့်ရရှိရန် မျှော်လင့်လျှက်ရှိကြသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံရစဥ်က AA နှင့်ဆက်စပ်မှုဖြင့် ရခိုင်မှဒေသခံအများအပြား အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးအမှုဖွင့်ခံခဲ့ကြရသည်။

ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးသည့်တိုင် အကြမ်းဖက်ဖြင့် ဆက်လက်တရားရင်ဆိုင်နေရကြရသူများရှိသေးပြီး တစ်ချို့မှာ စစ်ကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့မှုတို့ရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကျရောက်ခဲ့သည့် ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင်လည်း အကျည်းသားများလွှတ်ပေးရာတွင် ရခိုင်မှ အကြမ်းဖက်ဖြင့်တရားရင်ဆိုင်နေရသူအချို့ပါဝင်ခဲ့သည်။

ယခုကျရောက်မည့် နှစ်သစ်ကူးကာလတွင်လည်း အကျည်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိသည့်အလျောက် ထိုသို့လွှတ်ပေးမည့် လူစာရင်းထဲတွင်ပါဝင်လာရန် မျှော်လင့်လျှက်ရှိသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ အကြမ်းဖက်ဖြင့် ဖမ်းဆီးခံရသူ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက ပြောသည်။

“ဟိုတလောက ပြည်ထောင်စုနေ့ လွှတ်ပေးတဲ့အထဲပါမလားဆိုပြီး အရမ်းမျှော်လင့်ခဲ့တယ်။ ပါမလာတော့ လူကနေထိုင်မကောင်းတဲ့အထိဖြစ်သွားတယ်။ အဲ့ဒါကြောင့် ခုတစ်ခေါက်လည်း သိပ်မျှော်လင့်ချက်မထားဖို့ပြောကြပေမယ့် မျှော်လင့်မိတာတော့အမှန်ပါပဲ။ လာမယ့် နှစ်သစ်ကူးတစ်ရက်နေ့ဆို ကျမသားလေးဖမ်းခံရတာ ၂ နှစ်ပြည့်ပြီလေ”ဟုပြောသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းမှ အကြမ်းဖက်ဖြင့်ရင်ဆိုင်နေရသည့် ကိုဝင်းနိုင်(ခ)ယုန်ချေ ၏အမှုမှာလည်း အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သော်လည်း အမိန့်ချမှတ်ခြင်းမရှိသေးဘဲ ရုံးချိန်းများ ဆက်လက်ချိန်းဆိုလျှက်သာရှိသည်ဟု မိသားစုဝင်များကပြောသည်။

အမှုမှာ လွတ်မြောက်နိုင်ခြေရှိသည်ဟု တရားရုံးအသိုင်းအဝိုင်းများမှ ကြားသိရသော်လည်း  ယခုကဲ့သို့ဖြင့် ထပ်မံကြန့်ကြာမည်ကို စိုးရိမ်နေပြီး လွတ်မည်ဆိုလျှင်လည်း အမြန်ဆုံးလွတ်မြောက်စေချင်သည်ဟု ကိုဝင်းနိုင်၏ အကိုဖြစ်သူ ကိုဆန်းဝင်းကပြောသည်။

“အမိန့်ချရမယ့် ရုံးချိန်းတွေကို ထပ်ရွေ့နေတုန်းပါပဲ။ ကြားတာကတော့ လွှတ်နိုင်ခြေရှိတယ်လို့ တော့ကြားမိပါတယ်။ လွတ်မယ်ဆိုရင်လည်း ဒီနှစ်သစ်ကူးမှာ လွတ်မြောက်ဖို့တော့ ကျနော်တို့မျှော်လင့်မိတယ်။ အမြန်ဆုံးတော့ လွတ်စေချင်တာပေါ့။ ၂ နှစ်နီးပါးလည်းရှိနေပြီ ခုလိုမျိုး ထပ်ပြီးအချိန်တွေကြာနေတာမျိုးတော့ မဖြစ်စေချင်ဘူး” ဟုပြောသည်။

လက်ရှိတွင် ရခိုင်မှ အကြမ်းဖက်ဖြင့်စွဲဆိုခံရသူဦးရေမှာ ၇၀ ခန့်ရှိသေးပြီး ထိုအထဲတွင် ၃ နှစ်ကျော်ခန့် တရားရင်ဆိုင်နေရသူများလည်း ပါဝင်သည်ဟု နိုင်ငံရေးအကျည်းသားဟောင်း တစ်ဦးဖြစ်သည့် စာရေးဆရာဝေဟင်အောင်မှ ပြောသည်။

“အကြမ်းဖက်နဲ့က ၇၀ လောက်ကျန်သေးတယ်။ အဲ့အထဲမှာ ၃ နှစ်ကျော်လောက် တရားရင်ဆိုင်နေရတဲ့သူတွေလည်းရှိတယ်။ သူတို့တွေကိုလည်း ဒီနှစ်သစ်ကူးမှာ လွတ်မြောက်ဖို့မျှော်လင့်လို့ရတာပေါ့။ အစိုးရအဆက်ဆက်ကလည်း နှစ်ကူးမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတာတွေလုပ်ကြတယ်လေ”ဟုပြောသည်။

ရခိုင်ဒေသမှ အကြမ်းဖက်ဖြင့်ရင်ဆိုင်နေကြရသေးသူများမှာ မန္တလေး၊ ရန်ကုန် (အင်းစိန်)၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင် အကျည်းထောင်များနှင့် မြောက်ဦးမြို့နယ်ရှိ အချုပ်ခန်း စသည့်နေရာအသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ခံရကာ တရားရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/495547182251791

Leave a Reply

Your email address will not be published.