သင်္ကြန်ကာလအတွင်း ရခိုင်သို့ ခရီးသွားဝင်ရောက်မှု ၁၆၀၀၀ ကျော်ရှိ၊ ပြည်မဖက်မှ အများဆုံးဝင်ရောက်

By Western News/ 2022 April 19

ရခိုင်ပြည်နယ်သို့ သင်္ကြန်ကာလအတွင်း ဧပြီ ၉ ရက်နေ့ ၁၇ ရက်နေ့အထိ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၁၆၀၀၀ နီးပါးရှိခဲ့ပြီး ပြည်မမှ ခရီးသွားဝင်ရောက်မှု အများဆုံးရှိခဲ့သည်ဟု ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်သို့ ပြည်တွင်းခရီးသွားဝင် ရောက်မှု ၅၂၉၀ ဦး ပြည်ပခရီးသွား ၂၁ ဦး၊ ကျောက်ဖြူသို့ ပြည်တွင်းခရီးသွားဝင်ရောက်မှု ၁၂၃၆ဦး၊ မြောက်ဦးတွင် ပြည်တွင်းခရီးသွား ၃၁၉၅ ဦးနှင့် သံတွဲတွင် ပြည်တွင်းခရီးသွား ၆၁၈၆ဦးနှင့် ပြည်ပခရီးသွား ၂၃၉ ဦးထိရှိခဲ့သည်ဟုသိရသည်။

ယင်းကြောင့် သင်္ကြန်ကာလအတွင်းတွင် ပြည်တွင်း ခရီးသွား တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ၁၅၉၁၇ ဦးနှင့် ပြည်ပခရီးသွား ၂၆၀ဦးရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုညွှန် ကြားရေးမှူး ဦးမိုးအောင်ကပြောသည်။

“ဒါတွေသင်္ကြန်ကာလ ဧပြီ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်းကောက်ယူထားတဲ့စာရင်းပေါ့နော်။ မြို့အလိုက်ဆိုရင် ခရီးသွားဝင်ရောက်မှုဟာထောင်ဂဏန်းရှိပေမယ့် တပြည်နယ်လုံးနဲ့ဆိုရင် သောင်းကျော်သွားတယ်။ မတ်လနဲ့ ခရီးသွားဝင်ရောက်မှု အတိုင်းအတာကိုတော့ စာရင်းတွေပြန်ကြည့်မှပဲသိရမယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်မှစကာ တိုက်ပွဲအခြေအနေနဗင့် ကိုဗစ်ရောဂါကြောင့် ကျင်းပမှုမရှိခဲ့သည့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ယခုနှစ် ၂၀၂၂ ခုနှစ်တွင် ဧပြီ ၁၂ရက်နေ့မှစကာ ၁၇ ရက်နေ့ထိ ၆ ရက်တိုင်တိုင် မြို့နယ်အားလုံးတွင် စည်းကားစွာကျင်းပခဲ့ကြသည်။

သင်္ကြန်မတိုင်မီကာလကတည်းက ပြည်တွင်းခရီးသွား ဝင်ရောက်မှုကြောင့် ရခိုင်ရှိ တစ်ချို့မြို့များတွင် ဟိုတယ်အားလုံး ဘိုကင်များအပြည့်ရှိခဲ့သလို ပြည်မဖက်မှ လာရောက်လည်ပတ်သူများသည့်အတွက် ရေကြောင်းလိုင်းနှင့်လေကြောင်းလိုင်းများလည်း တိုးချဲ့ပြေးဆွဲခဲ့ရသည်။

၂၀၂၀ ခုနှစ်က ရခိုင်ပြည်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်မှု ၅၀၂၅၅ ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ် တစ်နှစ်လုံးတွင် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှု ၅၇၉၈ဦးထိ သာရှိခဲ့သည်။

ယခုနှစ်မှာ ပြည်မဖက်တွင် သင်္ကြန်ပွဲတော်ကို နိုင်ငံရေးအခြေအနေကြောင့် ကျင်းပမှုမရှိခဲ့၍ ရခိုင်သို့ အများအပြားလာရောက်လည်ပတ်ကြသည့်အတွက် သင်္ကြန်ကာလ တစ်ပတ်အတွင်းတွင်မူ ခရီးသွားဝင်ရောက်မှု လူဦးရေ ၁၆၀၀၀ နီးပါးရှိခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/505915021215007

Leave a Reply

Your email address will not be published.