သက်မွေးပညာသင်ကြားမှုနောက်ကွယ်က လိုအပ် ချက်များ

By Boder News Agency (BNA) / 2022  April 04

(ဓာတ်ပုံ-ဘူးသီးတောင်မြို့ပေါ် ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ စက်ချုပ်သင်နေသောအမျိုးသ မီးတစ်ဦး/BNA)

တောင်စောင်းဘေးတွင် တည်ဆောက်ထားသော စစ်ဘေးရှောင်စခန်းရှိ တဲသာသာနေအိမ်တွင် မမြနန္ဒာမှာ သူမ၏ တန်ဖိုးနည်း ဖုန်းမျက်နှာပြင်ကို လက်ဖြင့် အပေါ်အောက် ဆွဲတင်နေသည်။

ထိုဓနိမိုး၊ဝါးထရံအကာဖြင့် တည်ဆောက်ထားသော တဲသာသာအိမ်မှာ တဖြည်းဖြည်း ပြိုပျက်နေပြီဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိသော သူမမှာ ယခင်က ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာတွင် နေ ထိုင်ခဲ့သူဖြစ်ပြီး ရခိုင်တွင်ဖြစ်ပွားခဲ့သည့် မြန်မာစစ် တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရသည်မှာ နှစ်နှစ်ကျော် ရှိပြီဖြစ်သည်။

သူမ၏ မိဘများဆင်းရဲကျပ်တည်းမှုနှင့် အလုပ်အ ကိုင်အခွင့်အလမ်းနည်းပါးသည့် ကျေးလက်ဒေသတွင် နေထိုင်ခဲ့ရသူ မမြနန္ဒာမှာ ဘူးသီးတောင်မြို့၊ရန်အောင် မြေစစ်ဘေးရှောင်စခန်းတွင် နေထိုင်ရင်း အမျိုးသမီးငယ်များအတွက် အသက်မွေးဝမ်း ကျောင်းပညာရပ်တစ်ခုဖြစ်သော စက်ချုပ်နည်းသင် တန်းကို လေးလကြာတက်ရောက်ခဲ့ရပြီး သင်တန်းပြီးမြောက်ခဲ့သည်မှာ ငါးလကျော်နေပြီဖြစ်သည်။

သို့သော် သူမ, တတ်ကျွမ်းခဲ့သည့် စက်ချုပ်ပညာရပ်ကို လက်တွေ့အသုံးမချနိုင်သေးဘဲ သူမ၏ ငါးလကျော်အချိန်ကို ဖုန်းမျက်နှာပြင်ကြည့်ရင်းနှင့် ကုန် ဆုံးစေခဲ့ဟု မမြနန္ဒာက ဆိုသည်။

“စက်ချုပ်တတ်ထားပေမယ့် ကိုယ်ပိုင်အပ်ချုပ်စက်မဝယ်နိုင်တော့ အလုပ်မရှိတာနဲ့ ဖုန်းပဲအမြဲကြည့်နေရတာပေါ့၊ တချို့ကတော့ မိုးတွင်းမှာသုံးဖို့နဲ့ ရော င်းဖို့အတွက် တောကိုသွားပြီး ထင်းခုတ်နေကြတယ်။” ဟု သူမကပြောသည်။

ထိုသို့ စက်ချုပ်ပညာရပ်ကို လက်တွေ့အသုံးမကျနိုင်ခြင်းမှာ အပ်ချုပ်စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများမဝယ်နိုင်ခြင်းဖြစ်ပြီး သူမနှင့်အတူ စက်ချုပ်သင်တန်းဆင်းခဲ့သော အခြားအမျိုးသ မီးငယ် ၁၄ ဦးမှာလည်း ရှိသည်။

သူမတို့မှာ စက်ချုပ်ပညာဖြင့် အသက်မွေးဝမ်း ကျောင်းမပြုနိုင်ကြသေးဘဲ အိမ်တွင်းအလုပ်များကို ဝိုင်းကူလုပ်ရင်း အချိန်ကုန်နေသည်ဟု စက်ချုပ်သင်တန်းဆရာမ ဒေါ်ဦးနွဲ့ရီက ပြောသည်။

“သင်တန်းပြီးသွားတဲ့ မိန်းကလေးတွေက ကိုယ်ပိုင်အပ်ချုပ်စက်မရှိကြတော့ တတ်ထားတဲ့ပညာကို အ သုံးချလို့ မရဘူး ဖြစ်နေတယ်။တချို့ဆိုရင် တခြားဒေသတွေကို သွားပြီးအလုပ်လုပ်ဖို့ စိတ်ကူးလာကြတယ်”ဟု ၎င်းကပြောသ ည်။

အကယ်၍ စက်ချုပ်နည်းကို သင်ယူတတ်မြောက်ခဲ့သော အမျိုးသမီးငယ်များအတွက် တစ်ဦးလျှင်အပ်ချုပ်စက် တစ်လုံးစီ ထောက်ပံ့ပေးနိုင်မည်ဆိုပါက သင်တန်းဖွင့်လှစ်ပေးခြင်း၏ ရည် ရွယ်ချက်ကို အဆုံးထိပေါက်မြောက်နိုင်မည်ဟု ဒေါ်ဦးနွဲ့ရီက ဆက်ပြောသ ည်။

ရခိုင်ရှိ လူမှုကူညီရေးအဖွဲ့တချို့နှင့် နိုင်ငံတကာလူမှုအဖွဲ့အစည်းများက စစ်ဘေးရှောင်စခန်းရှိ အမျိုးသ မီးငယ်များအတွက် စက်ချုပ်နည်းသင်တန်းများကို ဖွင့်လှစ်ပေးနေသော်လည်း သင်တန်းပြီးမြောက်ခဲ့သူများအတွက် ဆက်လက်ကူညီထောက်ပံ့မှုမှာ မရှိသ လောက်နည်းပါးနေသေးကြောင်း မမြနန္ဒာက ပြောသည်။

“တကယ်လို့ စက်ချုပ်ပညာတတ်မြောက်ခဲ့သူတွေကို အပ်ချုပ်စက်တစ်လုံးစီ ထောက်ပံ့ပေးမယ်ဆိုရင် အနည်းဆုံးတော့ အိမ်ကမိသားစုမှာ ချုပ်ဖို့လိုနေတဲ့ အထည်ဟောင်းတွေကို ချုပ်ပေးနိုင်မှာပါ။”ဟု သူမက ဆိုသည်။

စက်ချုပ်ပညာကို သင်ယူတတ်မြောက်ခဲ့သော မမြန္ဒာ၏သူငယ်ချင်းဖြစ်သူ မသျှင်ထွီးမေမှာ မတတ်သာသည့်အဆုံး ရန်ကုန်မြို့ သို့မဟုတ် နိုင်ငံခြားသို့ သွား ရောက်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

တချို့ အမျိုးသမီးငယ်များမှာ အိမ် ထောင်ပြုခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း မသျှင်ထွီးမေ ကပြော သည်။

အမှန်ဆိုလျှင် မသျှင်ထွီးမေမှာ မိသားစုနှင့်ဝေးသည့်နေရာသို့ သွားရောက်အ လုပ်မလုပ်ချင်ဘဲ အခြေနေပေးပါက မိသားစုနှင့်အနီးကပ်နေ၍ စက်ချုပ်စားချင်သည်ဟုဆိုသည်။

“အပ်ချုပ်စက်လေးတစ်လုံးပိုင်ဆိုင်ရဖို့ ကျမတို့လို စစ်ဘေးရှောင်တွေအတွက် မတတ်နိုင်ဘူးလေ။ဒီလိုနဲ့ပဲ သင်တန်းဖော်တွေက နိုင်ငံခြားကိုသွားဖို့ ပြင်ဆ င်နေသလို တချို့ကျပြန်တော့လည်း အိမ်ထောင်ပြုလိုက်ကြတယ်။တကယ် လို့ အပ်ချုပ်စက် ထောက်ပံ့ပေးမယ့်သူရှိရင် အရမ်းပျော်ရွှင်မိမှာ။”ဟု မသျှင်ထွီးမေက ပြောသည်။

ရခိုင်တွင် ၂၀၁၈ခုနှစ်မှစ၍ မြန်မာစစ် တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် မြို့နယ် ၇ မြို့နယ်က လူဦးရေရှစ်သောင်းခန့်မှာ မြို့နယ် ၉ ခုရှိ စစ်ဘေးရှောင်စခန်း ၁၅၀ ကျော်တွင် ခိုလှုံနေကြပြီး ထိုအထဲမှ ထက်ဝ က်ကျော်မှာ အမျိုးသမီးများဖြစ်ကြော င်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်း အရုံး(REC)၏ စာရင်းတွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်စခန်းရောက် အမျိုးသမီးလေးသောင်းကျော်အနက် အလုပ်လုပ်နိုင်သူ အမျိုးသမီးဦးရေမှာ ၇၀ ရာ ခိုင်နှုန်းခန့်ရှိပြီး ပညာဆက်လက် မသင်နိုင်ဘဲ ကျောင်းထွက်လိုက်ရသည့် ကျောင်းသူများစွာလည်းရှိနေကြောင်း ရခိုင်အမျိုးသမီးကွန် ရက်ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

မမြနန္ဒာကဲ့သို့ စစ်ဘေးရှောင်စခန်းများတွင်ခိုလှုံနေရသော မိသားစုဝင်များအ တွက်စားသောက်ရေးနှင့် ယာယီနေထိုင် ရေးကိစ္စများကို လူမှုဝန်ထမ်းဦးစီး ဌာနနှင့်နိုင်ငံတကာလူမှုကူညီရေးအဖွဲ့တချို့က ကူညီထောက်ပံ့မှုရှိနေသော်လည်း ယင်းတို့အတွက် အလုပ်အကိုင်အခွင့် အလမ်းနှင့်ပတ်သက်၍ ကူညီဆောင် ရွက်ပေးမှုမှာ မရှိသလောက်နည်းပါးနေ သည်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများက အ မျိုးသမီးများအတွက် သက်မွေးလုပ် ငန်းများအဖြစ် အခြေခံစက်ချုပ်သင် တန်းများ၊ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်လုပ်င န်းများနှင့်အိမ်တွင်းမုန့်လုပ်ငန်းသင်တန်းများကို သင်ကြားပေးမှုများရှိသည်။

သို့သော်လည်းသင်တန်းပြီးဆုံးသွားပါက ဆက်လ က်လုပ်ကိုင်နိုင်ရပ်တည်နိုင်ရေးအတွက် ကူညီထော က်ပံ့မှုများမှာ မရှိသလောက်နည်းပါးသဖြင့်ရင်းနှီးငွေများကိုလည်းကူညီပေးသင့်ကြောင်း ဒေါ်ညိုအေးက အကြံပြုသည်။

ယခင်ကပင် အလုပ်အကိုင်ရှားပါးပြီး မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သော ရခိုင်ရှိ လုပ်ငန်းခွင်ဝင်အရွယ် အမျိုးသား၊အမျိုးသမီးငယ်များမှာ ၎င်းတို့နှင့်ထိုက်သင့်သော အလုပ်ကိုရရှိမှုနည်းပါးနေကြသည်။

ထိုလုပ်သားအများစုမှာ ကြုံရာကျဘမ်းအလုပ်များကိုသာ ဝင်ရောက်လုပ်ကိုင်နေရကာ တချို့အမျိုးသ မီးငယ်များမှာ အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေရေးလုပ် ငန်းများသို့ ရောက်ရှိသွားကြသူ များလည်းရှိနေသ ည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအနက် အလုပ်လက်မဲ့ဦးရေ ရာခိုင်နှုန်း အများဆုံး ပြည်နယ်ဖြစ်နေပြီး အသက် (၁၅) နှစ်မှ (၆၄)နှစ်ကြား အလုပ်လက်မဲ့ရာ ခိုင်နှုန်းသည် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းတွင် ဖော်ပြထားသည်။

ထိုအထဲမှ မြို့ပြနေအမျိုးသမီးများထက် ကျေးလ က်ဒေသနေအမျိုးသမီးဦးရေမှာ တစ်ဆခန့်ပိုများနေသည်ကို တွေ့ရသည်။

ရခိုင်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းအားလုံးမှာ လတ်တလော လိုအပ်ချက်ဖြစ်သော စားသောက်ရေးကိုသာ အဓိကကူညီဖြေရှင်းပေးနေပြီး ရေရှည်ဘဝရပ်တည်ရေးနှင့် ပြန်လ ည်ထူထောင်ရေးအတွက် စီမံချက်ရေးဆွဲ ဆောင် ရွက်ပေးမှုမှာ မတွေ့ရသေးကြောင်း လွှတ်တော်ကိုယ် စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်စခန်းထဲကမှမဟုတ်ဘူး။အရင်တဘည်းက ဆင်းရဲကျပ်တည်းမှုကို ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ အစိုးရ မရှိခဲ့ဘူး။တာဝန်ယူခဲ့တဲ့ အစိုးရတိုင်းက ကန်ထရိုက်လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ ပြည်သူရွေးကောက်တင်မြော က်ထားသော အစိုးရများလက်ထက်မှာပင် အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလုပ်နိုင်ခဲ့လျှင် လက်ရှိစစ်အာဏာ သိမ်းမှုက အခြေခံလူလတ်တန်းစားများ၏ ရေရှည်ဘဝရပ်တည်ရေးနှင့် အလုပ်အကိုင်အခွင့်အ လမ်းကို ပိုမိုဆုံးရှုံးလာစေခဲ့သည်။

အာဏာသိမ်းမှုနောက်ပိုင်း ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများကို ပိတ်လိုက်ရခြင်းကြောင်း သောင်းချီသော ရခိုင်ပြ ည်မှအထည်ချုပ်သမားများမှာ မိမိနေ ရပ်များသို့ ပြန်လာခဲ့ရပြီး အလုပ်လက် မဲ့ဖြစ်နေခဲ့သည်။

ထိုသို့ အလုပ်လက်မဲ့ဖြစ်နေချိန် တနေ့ထက်တနေ့ ကြီးမားသည့် ကုန်ဈေးနှုန်းက မိသားစုများ၏ ဆင်း ရဲမွဲတည်မှုကို ပိုမိုတွန်းအားပေးရာရောက်နေသည်။

ရခိုင်တွင် ပဋိပက္ခများအကြိမ်ကြိမ်ဖြစ် ပွားခဲ့သဖြင့် ထိုပဋိပက္ခဒဏ်ကို အမျိုး သမီးအများစုခံစားကြုံ တွေ့နေကြဆဲဖြစ်ပြီး ထိုအထဲမှ အမျိုးသမီးတချို့မှာ အလုပ်အကိုင်အခွင့်အလမ်းအကြောင်းပြလိမ်လည်မှုများကြောင့် လူကုန်ကူးခံနေကြရမှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်(ကိုဖီအာနန်ကော်မရှင်)က ရခိုင် ပြည်နယ်သည် ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အ တည်းကို ရင်ဆိုင်နေရပြီး ပြည် နယ်တွင်းရှိ လူမှုအသိုင်းအဝိုင်းအားလုံးအနေဖြင့် ကာလရှည်ကြာစွာ ဖြစ်တည်နေသော ဆင်းရဲနွမ်းပါးမှု၏ ဒဏ်ကို ခံစားနေကြရပြီး တစ်နိုင်ငံလုံးအတိုင်း အတာနှင့် နှိုင်းယှဉ်ပါက ပြည်နယ်အတွင်းရှိ နေရာဒေသအားလုံးနီး ပါးသည် ကဏ္ဍအသီးသီး၌ နောက် ကျကျန်နေခဲ့သည်ဟု ရေးသားခဲ့သည်။

၎င်းကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အစိုးရအ နေဖြင့် အသက်မွေးဝမ်း ကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်သွားရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားနိုင်စေရန်အတွက် အလုပ်သ မားဈေးကွက်နှင့် သက်ဆိုင်သည့် လေ့လာဆန်း စစ်မှဒများကို ပြုလုပ်ခြင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အထူးစီးပွားရေးဇုန်စီမံကိန်းများအပါအဝင် သတ် မှတ်လျာထားသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းများတွင် လိုအပ်လာမည့် လုပ်သားလိုအပ်ချက် များနှင့် ပတ်သက်၍ စာရင်းပြုစု၊ ပုံစံထုတ်ခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်းနှင့် အသ က်မွေးဝမ်းကျောင်းသင်တန်းများသည် ဈေးကွက် ၏လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိပါက လုပ်သား များအနေ ဖြင့် အလုပ်အကိုင်ရရှိမှုအတွက် မိမိတို့နေရပ်ဒေသများမှ တခြားဒေသများသို့ ရွေ့ပြောင်းသွားရန်အတွက် စေ့ဆော်မှုတစ်ခုဖြစ်သွားနိုင်သည်ဟု အကြံပြု ခဲ့သည်။

ထို့နောက် လုပ်သားအင်အားအတွင်း ပါဝင်နိုင်မှုနည်းပါးနေသေးသည့် အမျိုးသမီးထု၏ လိုအပ်ချ က်များနှင့် ပတ်သက်၍ အစိုးရအနေဖြင့် အထူးအ လေးထားဆောင်ရွက်ပေးသင့်ကြောင်းနှင့် အသက် မွေးဝမ်းကျောင်းသင်တန်း များတွင် အမျိုးသမီးများကို ဦးစားပေးသင့်ကြောင်း အကြံပြုခဲ့သည်။

အဆိုပါ ကိုဖီအာနန်၏ အကြံပြုချက်မှာလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆက်လက်အကော င်အထည်ဖော်မှု ရှိမရှိကို မည်သူမျှမသိရှိနိုင်တော့ပေ။

သို့သော်လည်း ဒေသတွင်း၌ လူမှုကူညီပေးရေးလုပ် ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအ နေဖြင့် ကြီးမား သောလုပ်ငန်းများကို မဆောင်ရွက်နိုင်သော်လည်း အပ်ချုပ်ပညာတတ်မြောက်ခဲ့သူများအတွက် တစ်ဦးလျှင် အပ်ချုပ်စက်တစ်လုံးစီ ထော က်ပံ့ပေးနိုင်ရေး ဆောင်ရွက်သင့်သည်ဟု ဘူးသီးတောင်မြို့ ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ အ ပ်ချုပ်သင်တန်းဆရာမ ဒေါ်ဦးနွဲ့ရီက ပြောသည်။

လက်ရှိတွင် အပ်ချုပ်ပညာသင်ယူတ တ်မြောက်ခဲ့သူ မမြနန္ဒာမှာဖြင့် ဖုန်းဖန်သားပြင်ကို အပေါ်အော က် ဆွဲနေရသော လက်များကို အပ်ချုပ်စက်ခုံပေါ်တွင် ရှေ့တိုးနောက်ဆုပ်လုပ်နိုင်ဖို့အရေး မျှော်လင့်နေသည်။

https://www.facebook.com/permalink.php?story_fbid=158011679974480&id=107469705028678

Leave a Reply

Your email address will not be published.