လေးမြို့မြစ်သင်္ကြန်ပွဲတော်တွင် ရခိုင်မှမျိုးနွယ်စုများက ရိုးရာအကများဖြင့် ပါဝင် ဖြေဖျော်

By Narinjara / 2022 April 19

အေးမြတ်ခိုင်

ရက္ခိုင့်တပ်တော် (AA) မှ ကြီးမှူးကျင်းပသည့် လေးမြို့မြစ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် ရခိုင်မှ တိုင်းရင်းသားမျိုးနွယ်စုများက ရိုးရာအကများဖြင့် အသီးသီး ပါဝင်ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်အဖွင့်တွင် ရက္ခိုင်နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့ပြီးနောက် ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်များတွင် ရေပက်ကစားကြခြင်း၊ တေးသံရှင်များက ရခိုင် သင်္ကြန်တေးခြင်းများဖြင့် ဖြေဖျော်ကြခြင်း၊ ရခိုင်တွင် မှီတင်းနေထိုင်ကြသည့် ဒိုင်းနက်ခေါ် ချက္ကမာ လူမျိုးတို့မှ  ရိုးရာ အကများဖြင့်လည်းကောင်း၊ ချင်းလူမျိုးတို့ကလည်း ရိုးရာဝါးညှပ်အက တို့ဖြင့်လည်းကောင်း ပါဝင် ကပြ ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။

လေးမြို့မြစ်သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့သူ တစ်ဦးဖြစ်သည့် ဦးဌေးဌေးက “အားလုံးတန်းတူညီမျှစွာ တစ်သားတည်းပဲအခုလိုမြင်ရတော့ ဝမ်းသာတယ်။ သူတို့အားလုံးလည်း ညီအစ်ကို မောင်နှမတွေပဲလေ ဒါတွေက။  ဒီလိုကပြ ဖြေဖျော်မှုအပေါ် အထူးအားပေးကြတာကို တွေ့ရပါတယ် ” ဟု ပြောသည်။

မြောက်ဦးမြို့နယ်၊  လေညှင်းတောင်ရွာနား လေးမြို့မြစ်လယ်ကျွန်းပေါ်တွင် ကျင်းပသည့် အဆိုပါ သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် စတင်ကျင်းပခြင်း ဖြစ်ပြီး ရခိုင်လူမျိုးများသာမက ရခိုင်မှ  တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သည့် ချက္ကမာ(ဒိုင်းနက်) လူမျိုးနှင့် ရခိုင်ပြည်နယ်ရှိ  ချင်းမျိုးနွယ်များကလည်း  ဝါးညှပ်အကအပါအဝင် တစ်ခြား ရိုးရာအကများဖြင့် အသီးသီး ပါဝင် ဖျော်ဖြေခဲ့ကြသည်ဟု ဦးဌေးဌေးက ဆက်လက် ပြောသည်။

လေးမြို့မြစ်အတွင်း ရှိ ပေါ်ကျွန်း တစ်ခုပေါ်တွင် ပြုလုပ်သည့် သင်္ကြန်ကို ဧပြီလ ၁၇ ရက်နေ့က စတင်ကာ ၁၉ ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။

ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်နေ့ တွင် ၎င်းသင်္ကြန်ပွဲတော်သို့  အနယ်နယ်အရပ်ရပ်မှ လူပေါင်းသောင်းချီလာ ရောက်ခဲ့ကြသည်။

ရက္ခိုင့်တပ်တော် (AA) မှ ဦးစီး ကျင်းပခဲ့သည့်  ကျောက်တော်မြို့နယ်၊ ဇီးချောင်းဆည်တွင်လည်း ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကာ လူပေါင်းသိန်းချီ ပါဝင်ဆင်နွဲခဲ့ပြီး ရခိုင်၏ အစည်ကားဆုံး သင်္ကြန်အဖြစ်ကြောင်း ပြောဆိုကြသည်။

ရခိုင်တွင် ၂၀၁၉ ခုနှစ်မှစ၍ ကိုဗစ်နှင့် စစ်ဘေးတို့ကြောင့် သင်္ကြန် ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုနှစ်တွင် နယ်မြေ အခြေအနေ တည်ငြိမ် အေးချမ်းနေသဖြင့် ရခိုင်ရှိမြို့နယ်တိုင်းတွင် သင်္ကြန်ပွဲတော်ကို ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် မြို့တိုင်း ရွာတိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေ စစ်ဒေသကြီး များတွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5390253190986714

Leave a Reply

Your email address will not be published.