By Development Media Group (DMG)/ 2022 April 01

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် ရခိုင်အမျိုးသားတစ်ဦး ယနေ့(ဧပြီလ ၁ ရက်)နံနက်ပိုင်းက သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုထံမှသိရသည်။
ထိုသို့သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်၊ လေးတောင်မြို့၊ တောလယ်ကျေးရွာမှ ကိုသက်ဇော်(၄၀)နှစ်ဖြစ်ကြောင်းသိရသည်။ ၎င်းမှာ အစ်ကိုဝမ်းကွဲတော်စပ်သူနှင့်အတူ ရန်ကုန်မြို့တွင် ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။
“ကိုသက်ဇော်က မနက်ပိုင်းက နေအိမ်ကနေပြီး အပြင်ခဏသွားတာ။ အဲဒီမှာ သူ့ကိုသေနတ်ပစ်ခံလိုက်ရလို့သေသွားတာဟုတ်ပါတယ်။ သေနတ်ဒဏ်ရာကတော့ ၅ ချက်ပါ။ ဘာကြောင့်ပစ်တယ်ဆိုတာကိုတော့ ကျနော်တို့လဲမသိသေးဘူး”ဟု ၎င်းမိသားစုဝင်ကပြောသည်။
ကိုသက်ဇော် သေဆုံးသည့်ကိစ္စအား မိဘနှစ်ပါးထံသို့ ယနေ့ အကြောင်းကြားလာသည်ဟုလည်း လေးတောင်မြို့၊ တောလယ်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
“သူ့မိဘတွေက လေးတောင်မှာနေတာ။ အခု ကိုသက်ဇော်ကို သေနတ်နဲ့ပစ်ခတ်တယ်လို့ ဒီနေ့မနက်က အကြောင်းကြားလာတယ်။ မိဘတွေက အဖိုးအဘွားအိုတွေဖြစ်နေကြပြီ”ဟု ၎င်းဒေသခံကပြောသည်။
ကိုသက်ဇော်အား သေနတ်ဖြင့်ပစ်ခတ်သူများမှာ မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။
https://www.facebook.com/dmgnewsagency/posts/2259730064179392