လူကယ်ပြန်မှ ရိက္ခာထောက်ပံ့မှု ၂ လကြာရပ်နေသည့် စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းနေ

By Western News/ 2022 April 25

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုများ ငြိမ်သက်နေသော်လည်း မိုင်းအန္တရာယ်နှင့် ရပ်ရွာအနီး တပ်စွဲထားမှုတို့ဆက်ရှိနေခြင်းတို့ကြောင့်မိမိရပ်ရွာတွင် လုပ်ကိုင်စားသောက်ရန် ခက်ခဲမှုရှိကြဆဲဖြစ်ရာ စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင်အများအပြားကျန်ရှိနေဆဲဖြစ်သည်။

အဆိုပါစစ်ရှောင်များကို လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အစိုးအရမဟုတ်သည့်အဖွဲ့အစည်းများဖြစ်သည့် ICRC၊ WFP မှလစဥ်ထောက်ပံ့မှုများရှိကြသည်။

ထိုအထဲတွင် လူကယ်ပြန်မှ ဆန်ရိက္ခာထောက်ပံ့ခြင်းဖြစ်ရာ လက်ရှိထောက်ပံ့မှုရပ်တန့်နေသည်မှာ ၂ လခန့်ရှိပြီဖြစ်၍ စစ်ဘေးရှောင်များ စားဝတ်နေရေးပိုင်း ခက်ခဲနေရသည်ဟု ကျောက်တော်မြို့ရှိ မဟာကံကြီးရှင်နှင့် သိမ်ကျောင်းစစ်ဘေးရှောင်စခန်းများ တာဝန်ခံ ဦးကျော်ငြိမ်းကပြောသည်။

“၃ လပိုင်းကတည်းကမရတာပါ။ WFP ကတော့ရနေတယ်။ သူတို့ကငွေထောက်ပံ့တာဆိုတာ အဲ့ထဲကပဲ ဆန်ဝယ်ပြီးစားနေကြရတော့ တော်တော်ခက်ခဲနေကြတယ်” ဟုပြောသည်။

ယင်းအပြင် ကျောက်တော်ရှိ ဘုရားကြီးစစ်ရှောင်စခန်းတွင်လည်း ဆန်ရိက္ခာမရရှိမှုကြောင့် ပိုမိုကျပ်တည်းလျှက်ရှိကြသည်ဟု ဘုရားကြီး ဆရာတော်မှ မိန့်သည်။

ရသေ့တောင်မှ အိမ်ထောင်စု ၃၀၀ ကျော်ရှိသည့် စေတီပြင်စစ်ရှောင်စခန်းတွင်လည်း ထိုနည်း၎င်း ကျပ်တည်းမှုဖြင့်ကြုံနေရပြီး အဆိုပါမြို့များအပြင် တစ်ခြားမြို့နယ်အသီးသီးရှိ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ ဆန်ရိက္ခာထောက်ပံ့မှုရပ်တန့်နေခြင်းကြောင့် စားဝတ်နေရေး ကျပ်တည်းလျှက်ရှိကြောင်း စခန်းတာဝန်ရှိသူများမှ တစ်ဆင့်သိရသည်။

ယခုကဲ့သို့ လူကယ်ပြန်မှ ရိက္ခာထောက်ပံ့မှုရပ်တန့်နေခြင်းနှင့်ပတ်သက်၍ မည်သည့်ကြောင့်ဖြစ်သည်ကို သိရှိနိုင်ရန် ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား Western News မှဆက်သွယ်မေးမြန်းခဲ့ရာ ဘက်ဂျက်အလွှဲအပြောင်းကြားတွင်အခက်ခဲဖြစ်၍ ရိက္ခာမရောက်ရှိနိုင်ခြင်းဖြစ်ပြီး လာမည့်လပိုင်းတွင် ပြန်လည်ထောက်ပံ့မည်ဖြစ်သည်ဟုပြောသည်။

“စစ်ဘေးရှောင်တွေကို ထောက်ပံ့မှုကမရပ်ပါဘူး။ ဒီကြားထဲမှာ ဘတ်ဂျက်အလွှဲအပြောင်းတွေကြောင့် ရိက္ခာမရောက်နိုင်သေးတာပါ။ ပြီးတော့ သင်္ကြန်နဲ့လည်းကြုံသွားတယ်လေ။ လာမယ့်လအတွင်း ထောက်ပံ့မှုတွေပြန်ပေးသွားမှာပါ။” ဟုပြောသည်။

ရခိုင်ဒေသတွင် ၂ နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့် စစ်ပွဲဒဏ်ကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိရှိခဲ့ပြီး လက်ရှိငြိမ်သက်နေသည့်အချိန်တွင် မိမိနေရပ်သို့ပြန်လည်နေထိုင်သူများလည်းရှိခဲ့ရာ လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်ခန့်ကျန်နေသေးကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/509701324169710

Leave a Reply

Your email address will not be published.