လယ်သမားများအနေဖြင့် ဓာတ်မြေသြဇာများကို စျေးနှုန်း သက်သာစွာဖြင့် မြို့နယ်စိုက်ပျိုးရေးရုံးများနှင့် ချိတ်ဆက်ဝယ်ယူနိုင်

By Development Media Group (DMG)/ 2022 April 23

ရခိုင်ပြည်အတွင်းက ​သံတွဲမြို့နယ်၊ တောင်ကုတ်​​​မြို့နယ်၊ ဂွမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ လယ်သမားများအတွက် ဓာတ်မြေသြဇာများကို စျေး​နှုန်​းသက်သာစွာဖြင့်ဝယ်ယူနိုင်ရန် ပြည်နယ်စစ်ကောင်စီက မြို့နယ်စိုက်ပျိုးရေးရုံးများသို့ ဓာတ်​​မြေသြဇာများချပေးထားကြောင်း သိရသည်။

ယင်းမြို့နယ်များရှိလယ်သမားများအတွက် ဓာတ်မြေသြဇာ အိတ် ၆၀၀၀ ချပေးထားကာ သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးရုံးများကို ချိတ်ဆက်ပြီး တစ်အိတ်လျှင်​ငွေကျပ်သုံးသောင်းကျော်ဖြင့် ဝယ်ယူနိုင်ကြောင်း ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှသိင်္ဂီက DMG သို့ပြောသည်။

“လက်ရှိမှာတော့ မြို့နယ် ၅ မြို့နယ်မှာ မြေဆီဓာတ်မြေသြဇာ(အဖြူ) အိတ် ၆၀၀၀ ကို အစိုးရကချပေးထားတယ်။ တကယ်လို့ လယ်သမားတွေဝယ်ယူချင်တယ်​ဆိုရင် သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးရေးဌာနနဲ့ချိတ်ဆက်ပြီးတော့ ဝယ်နိုင်ပါတယ်။ ကျန်မြို့နယ်တွေကျတော့ စက်ရုံပိတ်ထားတဲ့အတွက် မထုတ်ပေးနိုင်သေးဘူး”ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဓာတ်မြေသြဇာစျေးမြင့်တက်မှုကြောင့် လယ်ဧကငါးသောင်းကျော်အထိ စိုက်​ပျိုးမှုလျှော့ကျသွားပြီး အစိုးရက ဓာတ်မြေသြဇာများကို မြို့နယ်တိုင်းတွင် စျေးနှုန်​းသက်သာစွာဖြင့်ချပေးသင့်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောသည်။

“​​မြေဆီတွေက ဒီလောက်စျေးတက်နေတော့ လယ်လုပ်သူတွေ ဒီနှစ်လည်း လျှော့သွားနိုင်တယ်။ မြို့နယ် ၅ မြို့နယ်က လယ်သမားတွေအတွက်မဟုတ်ဘဲ တစ်ပြည်နယ်လုံးချပေးရင်တော့​ကောင်းတာပါ”ဟု ၄င်းကဆိုသည်။

လက်ရှိ​ဓာတ်မြေသြဇာများ ချပေးထားသည်ကို မသိသေးကြောင်း မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ကိုဦးစိုးသိန်းကပြောသည်။

“အစိုးရက အဲဒီလိုဓာတ်မြေသြဇာချပေးထားတာကို ကျွန်တော်တို့အနေနဲ့ မသိသေးဘူး၊ ကြားလည်း မကြားမိသေးဘူး။ အဲဒီလိုရရင်တော့ကောင်းတာပေါ့။ အဲဒီလိုရမယ်ဆိုရင်တော့ စိုက်ပျိုးရေးရုံးကိုသွားပြီးတော့ စုံစမ်းသွားမှာပါ။ အခုတော့ မသိသေးဘူး”ဟု ၄င်းကဆိုသည်။

လက်ရှိ​ဓာတ်မြေသြဇာ​​စျေးနှုန်​းများမှာ တစ်အိတ်ကို ငွေကျပ် ၉ သောင်းကျော်အထိရှိနေသည့်အပြင် ဆီစျေးမှာလည်း မြင့်တက်နေသည့်အတွက် လယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရန်အခက်အခဲများရှိနေကာ ပုံမှန်ထက် လယ်ဧကများကိုလျှော့၍ စပါးစိုက်ပျိုး​နေရ​ကြောင်း လယ်သမားများကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေဆီမြေသြဇာစျေး၊ ရွှေစျေး၊ ဒေါ်လာစျေးနှင့် ကုန်စျေးနှုန်းများမှာ အဆမတန်မြင့်တက်နေမှုကြောင့် တောင်သူလယ်သမားများနှင့်ပြည်သူများမှာ စားဝတ်နေရေး အခက်အခဲများရှိနေကြသည်။

https://www.facebook.com/dmgnewsagency/posts/2276412592511139

Leave a Reply

Your email address will not be published.