By Western News/ 2022 April 07
ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဥ်ကျေးမှုမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးဒေသတွင် ရှေးဟောင်းနယ်မြေများအတွင်း အဆောက်အအုံများ ဆောက်လုပ်နေထိုင်မှုတို့အများအပြားရှိနေပြီး ထိုအရာများကို နေရာပြောင်းရွေ့နိုင်ရန် မြေနေရာအား သက်ဆိုင်ရာများမှ ကွင်းဆင်းစိစစ်နေပြီဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် မြေနေရာအချို့အား ရွေးချယ်ကာ စိစစ်မှုတို့ပြုလုပ်နေပြီး ယခင်ရှိနေပြီးသား အဆောက်အဦးများအား ပြောင်းရွေ့မည်မဟုတ်ဘဲ လက်ရှိကျူးကျော်ဆောက်လုပ်ထားသည့် ရှေးသုနေမြေ၏ ပေ ၁၂၀ အတွင်းမှ အဆောက်အအုံများကို ဦးစားပေးအလိုက် ပြောင်းရွေ့ပေးသွားမည်ဖြစ်သည်ဟု မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က Western News သို့ပြောသည်။
“ရှေးဟောင်းနေမြေအတွင်းမှာ ရှိနေတဲ့အဆောက်အအုံတွေကို ယူနီစကိုက စစ်ဆေးရေးမလာခင် ပြောင်းရွေ့ထားရမှာဖြစ်တဲ့အတွက် သူတို့တွေအတွက် မြေနေရာတစ်ခုသတ်မှတ်ဖို့ လုပ်ဆောင်နေပါတယ်။ ဘယ်နေရာလည်းဆိုတော့ လောလောဆယ် ကွင်းဆင်းစစ်ဆေးတုန်းမို့ သေချာပြောလို့မရသေးပါဘူး။ အရင်တုန်းက ရှိနေတဲ့ အဆောက်အဦးတွေမပါပါဘူး။ လက်ရှိ ရှေးဟောင်းနယ်မြေ ပေ ၁၂၀ အတွင်းက နေအိမ်အဆောက်အအုံတွေကို ဦးစားပေးအလိုက်ပြောင်းဖို့ လုပ်သွားမှာပါ” ဟုပြောသည်။
ထိုသို့ ရှေးဟောင်းနယ်မြေနှင့် မလွတ်ကင်းသည့် နေရာများကို ပြောင်းရွေ့ရာတွင် စစ်ဘေးရှောင်စခန်းများပါလျှင် ထိုစခန်းတွင်း နေထိုင်သူများကို မူလနေရာသို့ပြန်ပို့ရန် ပြည်နယ်ကောင်စီမှ စီစဥ်မည်ဖြစ်သည်ဟု သိရသည်။
ယူနီစကို ဝင်ရောက်ရန်ကြိုးပမ်းနေသည့် မြောက်ဦးမှာ ရှေးဟောင်းဆိုင်ရာ အဓိကနေရာများဖြစ်သည့် မြို့ရိုးများ၊ ကျုံးများနှင့် ရေလမ်းကြောင်းဆိုင်ရာနေရာများတွင် လူနေအဆောက်အဦးနှင့် စီးပွားရေးဆိုင်ရာအဆောက်အအုံများ များစွာရှိနေပြီး ထိုအရာများမှာ ယူနီစကိုဝင်ရေးတွင် တစ်စုံတစ်တစ်ရာ အနှောင့်အယှက်ဖြစ်လာနိုင်သည့်အတွက် ရှေးဟောင်းသုတေသနဆိုင်ရာ ဥပဒေအရ တစ်ခြားနေရာတစိခုသို့ပြောင်းရွေ့ရန် သက်ဆိုင်ရာများမှ စီစဥ်နေခြင်းဖြစ်သည်။
ရှေးသုနယ်မြေအတွင်း ထိုသို့ကျူးကျော်ဆောက်လုပ်မှုမှာလည်း မြောက်ဦးဒေသတွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ မြေနေရာရှားပါးလာမှုကြောင့်ဖြစ်သည့်အတွက် ယခင်လုပ်ဆောင်မှုရှိခဲ့သည့် မြောက်ဦး မြို့သစ်စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း မြောက်ဦးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောက်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဆိုထားသည်။
မြောက်ဦးဒေကို ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်သတ်မှတ်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှစ၍ သက်ဆိုင်အဖွဲ့အစည်းအသီးသီးမှကြိုးပမ်းလာခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ရကာ လက်ရှိတွင် ယူနီစကိုဝင်နိုင်ရေး အဆိုပြုလွှာ မူချောအားတင်သွင်းထားပြီးဖြစ်ပြီးဖြစ်သည်။
မြောက်ဦးဒေသအတွက် အဆိုပြုလွှာပါအချက်အလက်များအား ပညာရှင်များမှ ဒေသသို့လာရောက်ကွင်းဆင်းလေ့လာပြီး ၂၀၂၃ ခုနှစ်တွင်ပြုလုပ်မည့် ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရေး ညီလာခံတွင် ဆုံးဖြတ်ချက်ပေးသွားမည်ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/498114908661685