By Voice Of Westland (VOW)/ 2022 April 27
အောင်ကြည်မိုး(သင်းပုန်းတန်း)ရေးသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံ၌ ရုပ်ရှင်ပြသမှုကို ရပ်နားထားခဲ့သည်မှာ (၃) နှစ်နီးပါး ရှိနေခဲ့ရာ မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့က ရုပ်ရှင်ရုံများကို ပြန်လည် ဖွင့်လှစ်ပြသခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် စိုးသိန်းတို့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံ၌ ပြသသည့် မြန်မာရုပ်ရှင်ဇာတ်ကားများကို ရုပ်ရှင်ချစ်မြတ်နိုးပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်ကို မြန်မာ့အလင်းသတင်းစာ၌ ဖတ်ရှုနေခဲ့ရပါသည်။ ရုပ်ရှင်ဇာတ်ကားများ စိတ်ဝင်စားဖွယ်ကောင်းပါလျင် ရုပ်ရှင်ကြည့်ရှုနေကြသူများက ကိုယ်တိုင်လိုက်ပါခံစားလေ့ရှိသလို စိတ်ကူးလည်းယဉ်တတ်ကြပေသည်။ ဆိုလိုသည်က ရုပ်ရှင်ဇာတ်ကားများအနေဖြင့် ပရိသတ်အပေါ် လွမ်းမိုးနိုင်စွမ်းအား ကြီးမားခြင်းပင်ဖြစ်သည်။ ထိုကြောင့် ရုပ်ရှင်သည် မည်သည့်နိုင်ငံတွင်မဆို လူထုအပေါ်လွမ်းမိုးမှု ဩဇာကြီးခြင်းအဖြစ်နှင့် ရှိနေရပါသည်။
ရခိုင်ပြည်နယ်ရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ဇာတ်ကားများကို ပြသခြင်းရှိမနေသည်မှာ ဆယ်စုနှစ်ကျော် ရှိနေရပြီ လည်းဖြစ်သည်။ စာရေးသူတို့ စစ်တွေမြို့ရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ဇာတ်ကားများ မပြသတော့၍ တချို့ရုပ်ရှင်ရုံများ ပုဂ္ဂလိကဘဏ်များဖြစ်သွားသလို စားသောက်ဆိုင်များဖြစ်သွားကြခြင်းများ ရှိနေရပါသည်။ စာရေးသူတို့ လူပျိုပေါက်ဘ၀၊ အထက်တန်းကျောင်းသားဘ၀က စစ်တွေမြို့၌ မြ ရုပ်ရှင်ရုံနှင့် မြို့မရုပ်ရှင်ရုံများ ရှိနေခဲ့ပြီး မြရုပ်ရှင်ရုံ၌ မြန်မာဇာတ်ကားများကိုပြသတတ်ပြီး မြို့မရုပ်ရှင်ရုံ၌ နိုင်ငံခြားဇာတ်များကို ကြည့်ရှုခဲ့ရဖူးသည်။ ၁၉၈၈ ခုနှစ်၊ န.၀.တ အစိုးရတက်လာပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်နယ်ရှိ တချို့ရုပ်ရှင်ရုံများ၌ ဇာတ်ကားများကိုပြသခြင်းအား ရပ်ဆိုင်းသွားခဲ့လေတော့သည်။
တစ်ချိန်က စာရေးသူတို့ စစ်တွေမြို့၌ ရုပ်ရှင်ရုံ (၄) ရုံအထိ ရှိခဲ့ဖူးသည်ဟု ကြားသိခဲ့နေရပါသည်။ ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘ၀က ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့ရက်များ၌ ကားသစ်လဲလှယ်လျင် ညနေပွဲကြည့်ရှုခွင့်ရရှိဖို့ မိဘများကခွင့်ပြုပေးနိုင်ရန် နေ့လယ်ကတည်းက စာဖတ်ထားကြသည်။ ငယ်စဉ်က ရုပ်ရှင်ရုံများ၌ ကြည့်ရှုခဲ့ဖူးသည့် မင်းသားညွန့်ဝင်းပါဝင်သည့် “ဗန်တိုသူလေးနှင့် သူဇာ’’၊ မင်းသားကျော်ဟိန်း၏ “မွန်း တည့်ချိန်မှာ နေဝင်သည်’’ မင်းသားကျော်သူနှင့် စိုးသူတို့၏ “ဒိုး”စသည့် မြန်မာ့ရုပ်ရှင် ဇာတ်ကားများကို စာရေးသူကြိုက်နှိုက်သက်ခဲ့သလို “ရှောင်ကွန်နရီ၊ ရော်ဂျာမိုး ၊ဂျိန်းစဘွန်း’’ တို့ပါဝင်သည့် နိုင်ငံခြားဇာတ်ကားများကိုလည်း စွဲလန်းခဲ့ဖူးသည်။ နာမည်ကြီးမင်းသား “အာမီတာဘဂျန်း’’ ပါဝင်သော အိန္ဒိယရုပ်ရှင်ဇာတ်ကားများနှင့် “တီလုံး၊ ဒေးဗစ်ချန်း’’ တို့ပါဝင်သော တရုတ်နိုင်ငံ၏ ရုပ်ရှင်ဇာတ်ကားများကိုလည်း အထူးကြိုက်နှိုက်သက်ခဲ့ရသူ တစ်ဦးဖြစ်ပါသည်။
(၂)
၁၉၇၀ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်ကျော် အချိန်များအထိ ရခိုင်ပြည်နယ်ရှိ ရုပ်ရှင်ရုံများ၌ ဇာတ်ကားများကို ပြသ နေခဲ့သဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ဖူးပါသည်။ စစ်တွေမြို့၌ဆိုပါမှု စံပြရွာရပ်ကွက်အနီး၊ ဓည၀တီ ရေတပ်စခန်း ဌာနချုပ်ရှိ ရေတပ်ရုပ်ရှင်ရုံနှင့် နာရီကန်ကျေးရွာအနီး ၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရဲသီဟရုပ်ရှင်ရုံတို့တွင်လည်း ညပွဲများကို နေ့တိုင်းလိုလိုပြသခဲ့ဖူးသလို နယ်လှည့်ရုပ်ရှင်များကလည်း စစ်တွေမြို့သို့ မကြခဏ လာရောက်ပြီး ပြသခဲ့ဖူးပါသည်။
ယခင်က ရခိုင်ပြည်နယ်ရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ဇာတ်ကားများကို ပြသနေခဲ့၍ ရုပ်ရှင်ချစ်ပရိသတ်များစွာ ရှိ နေခဲ့ပြီး မင်းသား ဝင်းဦး၊ ကြည်စိုး စသည့်ရုပ်ရှင်မင်းသားများအား အရှုးအမှုးစွဲလန်းသော အမျိုးသမီးများစွာ ရှိခဲ့ဖူးပါသည်။ ကျွန်တော်၏ အဒေါ်တစ်ဦးဆိုပါလျင် ရုပ်ရှင်မင်းသားမောင်သင်ကို စာတိုက်မှရည်းစားစာ ထည့် ပေးဖူးခဲ့သည်ဟု ရပ်ကွက်ရှိသက်ကြီးပိုင်းများထံမှ ကြားသိခဲ့ရပါသည်။ ရုပ်ရှင်ရုံများ၌ ကားသစ်လဲလှယ်လျင် ရုပ်ရှင်ကြိုတင်လက်မှတ်(Booking) လိုချင်သူများနေတတ်၍ ရုပ်ရှင်ရုံမှမန်နေဂျာများသည် တစ်ခေတ်တခါက အထူးမျက်နှာပွင့်ခဲ့ကြရသူများ ဖြစ်နေပါသည်။
ယနေ့အချိန် ရန်ကုန်၊ မန္တလေးအစရှိသည့် တခြားမြို့များ၌ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခွင့်ရရှိနေပြီဖြစ် သော်လည်း စာရေးသူတို့ရခိုင်ဒေသ၌ ရုပ်ရှင်ရုံများ အသက်မဝင်တော့၍ ရုပ်ရှင်ကြည့်ရှုခွင့် ဆုံးရှုံးနေကြရပါသည်။ ကျွန်တော်တို့ကျောင်းသားဘ၀က ကျောင်းပိတ်ရက်များ၌ အားလပ်ချိန်ကို စိတ်အပန်းဖြေဖို့ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခွင့်ရရှိခဲ့သောကြောင့် ယနေ့ခေတ်လူငယ်များကဲ့သို့ မူးယစ်ဆေးဝါးသားကောင်များ ဖြစ်မနေခဲ့ကြပါ။ နောက်တစ်ခုက ရုပ်ရှင်ဇာတ်ကားများမှ ကောင်းသောအပြုအမှုများသည် လူအများကိုကောင်းမွန်သော အကောင်းဘက်သို့ ပြောင်းလဲစေတတ်ပြီး လူငယ်များကို စိတ်ဓာတ်ကောင်းမွန်ခြင်း၊ စရိုက်ကောင်းများကို ဖြည့်ဆည်းပေးနိုင်သော အရာတစ်ခုလည်းဖြစ်နေပေသည်။ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခွင့်ရရှိနေကြခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေတတ်ပါသည်။ သို့ဖြစ်၍ “ရုပ်ရှင်သည် ပြည်သူ့အတွက်” ဆိုနေကြပါသော်လည်း ယနေ့အ ချိန်တွင် ရခိုင်ပြည်သူများ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခွင့်မရရှိဖြစ်နေသည်မှာ လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သောလက္ခဏာတစ်ခုမဟုတ်၍ ရခိုင်ဒေသ၌ ရုပ်ရှင်ရုံများတည်ဆောက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြန်လည်စဉ်းစားသင့်ပါသည်။
(၃)
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ(၃၁) ရက်နှင့် ၂၀၁၉ ခုနှစ်၊ ဇွန်နဝါရီလ (၁၆) ရက်နေ့များက ရုပ်ရှင်ရုံတစ်ရုံမျှ ရှိမနေတော့သည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရခိုင်လူမျိုး ရုပ်ရှင်မင်းသားကြီးဦးအောင်လွင်နှင့် PARADISO ရုပ်ရှင်ရုံဆောက် လုပ်ရေးကုမ္ပဏီမှ မင်းသားလွင်မိုး၊ ဒါရိုက်တာမောင်သူရ(ခ)ဇာဂနာတို့ စစ်တွေမြို့၊ မိဇံရပ်ကွက်၊ ကမ်းနားလမ်းရှိ ပန်းခြံကို အဆင်မြင့်ရုပ်ရှင်ရုံဆောက်လုပ်ရန် မြေနေရာကြည့်ရှုဖို့ ရောက်ရှိခဲ့ဖူးပါသည်။ မင်းသားကြီးအောင်လွင်တို့နှင့် စစ်တွေမြို့ရှိ မြို့မိ၊မြို့ဖများ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဦးဥတ္တမခန်းမ၌တွေ့ဆုံကာ ရုပ်ရှင်ရုံတည်ဆောက်နိုင်ရေးအတွက် အဖြေရှာခဲ့ဖူးပါသည်။
မင်းသားကြီးအောင်လွင်တို့အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ချိန်၌ ရုပ်ရှင်ကြည့်ရှုရတော့မည်ဆိုပြီး ရုပ်ရှင် ချစ်ပရိသတ်များက ပျော်ရွှင်နေခဲ့ကြပါသေးသည်။ ထိုအချိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် PARADISO ရုပ် ရှင်ရုံဆောက်လုပ်ရေးကုမ္ပဏီတို့ သဘောတူညီချက်ရရှိခဲ့သည်ဟု ကြားသိခဲ့ရပါသော်လည်း နောက်တွင် ရခိုင် ပြည်နယ်၌ အဆင့်မြင့်ရုပ်ရှင်ရုံများကို ဆောက်လုပ်မည့်သတင်းစကားသည် လုံး၀မကြားရတော့၍ ရေမှာအရုပ် ရေးသလို အရာမထင်ဖြစ်ကာ ရုပ်ရှင်ရုံဆိုသည်ကား မျှော်သာမျှော် ပေါ်မလာသည်သာ ဖြစ်နေခဲ့ရပါတော့သည်။
နိုင်ငံတစ်ခု၌ တိုင်းရင်းသားများအချင်းချင်း တန်းတူအခွင့်အရေးမရှိခြင်းကလည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းများအထဲ ပါဝင်နေတတ်ပါသည်။ ၂၀၁၅ ခုနှစ်မတိုင်မီ ရခိုင်ဒေသ၌ နှစ်ပေါင်း လေးဆယ်နီးပါး သေနတ်သံဆိတ်သုန်းခဲ့ပြီး အဖြူရောင်နယ်မြေဖြစ်နေခဲ့သည်။ သို့သော် ရခိုင်ဒေသသည် တိုး တက်သင့်သလောက် မတိုးတက်ခဲ့ဘဲ ရုပ်ရှင်ဇာတ်ကားများကိုပင် မပြသနိုင်ခဲ့သည့်ဒေသတစ်ခုအဖြစ် ရှိနေခဲ့ရ သည်။ ယခင်အုပ်ချုပ်ခဲ့သည် အစိုးရအဆက်ဆက်က ဒေသတည်ငြိမ်အေးချမ်းနေသော ရခိုင်ပြည်နယ် ဘယ် လောက်တိုးတက်နေလဲ ကြည့်ကြဆိုပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုရှိနေခဲ့သော တိုင်းရင်းသားဒေသများမှ အတုယူ စံနမူနာပြဖြစ်လာစေဖို့ ဒေသဖွံ့ဖြိုးရေးကို လုပ်ပေးခဲ့သင့်ပါသည်။ နှစ်ဘက်တိုက်ပွဲရှိမနေ၍ တိုးတက်ကောင်း မွန်သည့်ရလာဒ်များကို အားလုံးကမြင်တွေ့နိုင်အောင် ရခိုင်ဒေသကို အစခပ်သိမ်း စံနာမူနာပြ ပြည်နယ်တစ်ခု အ ဖြစ် လုပ်ဆောင်ပေးခဲ့သင့်ပါသော်လည်း နှစ်ပေါင်းလေးဆယ်ကျော် သေနတ်သံဆိတ်သုန်းနေခဲ့သော ရခိုင်ဒေသ ၌ စီးပွားရေး ချွတ်ခြုံကျနေခဲ့ပြီး အဆင့်မြင့်ရုပ်ရှင်ရုံတစ်ရုံတောင် ကောင်းကောင်းမွန်မွန် ရှိမနေခဲ့ စသည်ဖြင့် မြန် မာနိုင်ငံ၌ ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေခဲ့ရသည်။
(၄)
သို့ဖြစ်၍ တချို့ရခိုင်လူငယ်များက ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူအခွင့်အရေးအတွက် လက်နက်ကိုင်လမ်း စဉ်ကို ရွေးချယ်လာခဲ့ခြင်းဟု စာရေးသူ သုံးသပ်နေဖြစ်ပါသည်။ ရန်ကုန်၊မန္တလေး စသည့် အထက်မြန်မာပြည်မြို့ ကြီးများ၌ နေထိုင်သူများက ရုပ်ရှင်ကြည့်ရှုခွင့်ရရှိနေကြကာ
ရခိုင်ပြည်သူများက ရုပ်ရှင်ကြည့်ရှုခွင့်မရရှိ စသည်ဖြင့် ခွဲခြားဆက်ဆံခဲ့ရသည်ဆိုပြီး တချို့ရခိုင်လူငယ်များ၏ ရင်ထဲ၌ ဖြစ်ပေါ်လာခဲ့သည့် အမုန်းတရားများကလည်း လက်နက်ကိုင်လမ်းစဉ်ထဲသို့ တွန်းပို့ပေးသလို ဖြစ်နေခဲ့သ ဖြင့် ULA/AA ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ပေါ်လာခဲ့ရခြင်းဟု နိုင်ငံရေးလေ့လာသူများက သုံး သပ်ပြခဲ့သည်များလည်း ရှိနေပါသည်။
နိဂုံးချုပ်ရပါလျင် ယနေ့အချိန်တွင် ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများကို ဖုန်းထဲမှ ကြည့်ရှုခွင့်ရရှိနေသလို TV Channel လိုင်းများမှ ကြည့်ရှုခွင့်ရရှိနေပါသော်လည်း ရုပ်ရှင်ရုံ၌ ထိုင်၍ကြည့်ရှုရသော ခံစားမှုအရသာကို ဘယ် အရာမှ အစားထိုးမပေးနိုင်ပါ။
အနုပညာကို မိမိကဖန်တီးခြင်းပဲဖြစ်ဖြစ်၊ သူများဖန်တီးထားခြင်းအား ကြည့်ရှုခံစားခြင်းများက စိတ်ကို သက် သောင့်သက်သာ ဖြစ်စေတတ်သလို စိတ်ပျော်ရွှင်မှုများဖြစ်ခြင်းကလည်း အမှန်ပင်ဖြစ်သည်။ နောက်တစ်ခုက ရုပ်ရှင်သည် အနုပညာနှင့်အအတ်ပညာကို ပေါင်းစပ်ထားသည့်အရာဖြစ်နေ၍ ခံစားကြည့်ရှုနေရသူများအတွက် သဘာ၀ဆန်သည့် လူသားများ၏အတွေး၊အပြုအမှုများကို ဖော်ပြနေတတ်ပါသည်။ အခြားဒေသများ၌ ရုပ်ရှင်ရုံ များရှိနေ၍ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုခွင့်ရရှိနေပြီး ရခိုင်ပြည်နယ်ရှိ ရုပ်ရှင်ရုံများ၌ ရုပ်ရှင်ဇာတ်ကားများ ကို ပြသမှုရှိမနေခြင်းကြောင့် ရခိုင်ပြည်သူများ ကြည့်ရှုခွင့်မရဖြစ်နေမှုက ဆယ်စုနှစ်တစ်ခုကျော်ရှိလာနေရခြင်း ကလည်း မဖြစ်သင့်သောအရာတစ်ခု။
ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုရခြင်းဖြင့် မျက်ရည်ဝဲခြင်းနှင့်မျက်ရည်ကျခြင်းများ ဖြစ်လာပါက မိမိ၏ စိတ် ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ သန်မာမှုရှိလာစေသည်ဟု အဆိုရှိသလို ထိုသို့မျက်ရည်ကျခြင်းသည်ပင် လူသား အချင်းချင်း စာနာခြင်း၏သင်္ကေတတစ်ခုလည်း ဖြစ်နေရပါသည်။ ရုပ်ရှင်ဇာတ်ကားများအတွင်း သရုပ်ဆောင် များက တစ်ဦးကိုတဦး ဂရုပြုစောင့်ရှောက်ခြင်းအပြုအမှုများက မိမိကိုယ်တိုင်ကပါ လိုက်ပါစီးမျှောတတ်ကာ ပတ်ဝန်ကျင်၌ ကောင်းမွန်သောလုပ်ဆောင်ခြင်းများ ရှိလာတတ်ပေသည်။ ‘’ပြည်သူအတွက် ရုပ်ရှင်၊ ရုပ်ရှင်သည် ပြည်သူအတွက်’’ ဖြစ်နေရ၍ ရခိုင်ပြည်နယ်ရှိမြို့နယ်များ၌ ရုပ်ရှင်ပြသခြင်းများရှိမနေ၍ ရုပ်ရှင်ရုံများ အသက် ပြန်ဝင်လာနိုင်စေဖို့ သက်ဆိုင်ရာအစိုးရဌာနမှ လုပ်ဆောင်ပေးလာနိုင်မည်ဟု မျှော်လင့်နေမိပါကြောင်းအား တင်ပြရင်း—
အောင်ကြည်မိုး(သင်းပုန်းတန်း)