ရမ္မာဝတီ ရိုးရာလှီပြိုင်ပွဲကို လာမည့်မေလ ၁၆ ရက်နေ့တွင် စတင်ကျင်းပမည်

By Development Media Group (DMG)/ 2022 April 30

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် “ရမ္မာဝတီ ရိုးရာလှီ(လှေ)ပြိုင်ပွဲ”ကို လာမည့်မေလ ၁၆ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဟုသိရသည်။

အဆိုပါလှီပြိုင်ပွဲကို ရမ်းဗြဲဒေသတွင် အစဉ်အဆက်ကျင်းပလာခဲ့ပြီး ရိုးရာယဉ်ကျေးမှု ပျောက်ကွယ်မသွားအောင် ဖော်ထုတ်လိုသည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ကျင်းပခြင်းဖြစ်သည်ဟု ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးကံကောင်းကပြောသည်။

“ဒီပွဲက ရမ်းဗြဲမြို့နယ်ရဲ့ ဂုဏ်ဆောင်ပွဲလည်းဖြစ်တယ်။ စည်းလုံးခြင်းကိုလည်း ပြတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် လှီအသင်း ၂၀ ကျော်ခန့် စာရင်းပေးသွင်းထားပြီး မာန်အောင်မြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့မှ တစ်သင်းစီစာရင်းပေးသွင်းထားကြောင်း၊ တစ်သင်းလျှင်လူ ၁၃ ယောက်မှ ၁၅ ဦးအထိ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ပွဲကျင်းပရေးကော်မတီဝင် ကိုထွန်းနိုင်ကပြောသည်။

“ရိုးရာကိုဖော်ထုတ်တာမှာ ပါဝင်ခွင့်ရတဲ့အတွက် အများကြီးဝမ်းသာဂုဏ်ယူရပါတယ်။ လှီ(လှေ)ပြိုင်ပွဲအတွက်လည်း အများကြီးပြင်ဆင်ထားပါတယ်”ဟု တန်းနားပြင်လှီပြိုင်ပွဲအသင်း အဖွဲ့ဝင် ကိုမောင်ထိန်ကပြောသည်။

ယခုကျင်းပမည့်လှီပြိုင်ပွဲတွင် အထက်တန်းဆင့်တွင် ပထမဆုငွေကျပ် (၂၀)သိန်း၊ ဒုတိယဆု ငွေကျပ် (၁၈)သိန်း၊ တတိယဆုငွေကျပ် (၁၅)သိန်းနှင့် ဒုတိယအဆင့်တွင် ပထမဆု (၁၈)သိန်း၊ ဒုတိယဆု (၁၅)သိန်း၊ တတိယဆု (၁၃)သိန်းတို့ကို ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ရိုးရာလှေပြိုင်ပွဲများကို မြောက်ဦးသျှစ်သောင်းပွဲနှင့် ကျောက်တော်မြို့နယ်ရှိ သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရားပွဲတို့တွင်လည်း ထည့်သွင်းကျင်းပလေ့ရှိပြီး လာရောက်ကြည့်ရှုသူများပြားသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2281763188642746

Leave a Reply

Your email address will not be published.