By Boder News Agency (BNA) / 2022 April 09
ကျွန်းသားငမန်းရေးသားသည်။
ပိတောက်ဝါဝါ ငုဝါဝါတို့ သိန်သရေထိန်ဝေလို့တော က်ခဲ့ပြီ။ငုနှင့်ပိတောက်တို့အလှချင်းဆိုင်၊ဂုဏ်ချင်းပြိုင်နေကြပြီ။သင်္ကြန်မိုးပြေးကလေး တစ်ဖြိုက်ရွာအပြီးတွင် ပိတောက်ပန်းတို့ အစွမ်းကုန်ပွင့်လန်းကာ ပင်လုံးကျွတ် ထိန်ဝေနေသည်မှာ ရွှေစင်ရွှေမှုံတို့ ကပ်ငြိနေသည်သို့ ထင်မှတ်ရသည်။ပိတောက်ပင်၏ အောက်ခြေမြေတလင်း၌ ပြန့်ကြဲနေသည့် ပိတော က်ပန်းကြွေတို့မှာလည်း နင်းရက်စရာမရှိ။ရွှေစင်ရွှေစက်တို့အား ပက်ဖြန်းကြဲပက်ထားသည့်အလား။ ပိတောက်ပန်း၏ရနံ့ကလည်းစူးရှမွှေးမြနေသည်။
အဝေးကအသံချဲ့စက်မှ သင်္ကြန်တေးသံက လွင့်ပါလာသည်။တီးလုံးတီးကွက်က မြိုင်မြိုင်ဆိုင်ဆိုင်။ဗီစီဒီခွေဖြင့်ဖွင့်ထားသည့် တေးသံဖြစ်လိမ့်မည်ထ င်သည်။ကြားနေရသောသင်္ကြန်သံချပ်သံနှင့်အတူ ဖြတ်သန်းခဲ့ရသော ငယ်ဘဝကို တမ်းတဖြစ်မိပြန် သည်။မနက်ဖန်သင်္ကြန်ကျတော့မည်ကောလား။အိမ်ရှိမြေးမငယ်လေးယောက်တို့ကလည်း တူညီဝတ်စုံကလေးများဖြင့် မြူးကြွနေကြပြီ။ရေဖလားလေးတွေကိုယ်စီဖြင့် သင်္ကြန်တွင်ဝင်နွဲရန်အားယူ စိုင်း ပြင်းနေကြပြီ။သင်္ကြန်ရေနှင့် ဆော့ကစားဖို့အားသန်နေကြသည်။တကယ်တော့ သင်္ကြန်မကျသေး။သင်္ကြန်အကြိုရက်သာရှိသေးသည်။
သင်္ကြန်အကြိုပွဲ
သင်္ကြန်ကာလတွင် သင်္ကြန်အကြိုရက်၊သင်္ကြန်အ ကျရက်၊သင်္ကြန်အကြတ်ရက်နှင့်သင်္ကြန်အတက်ရက် တို့ရှိကြသည်။ရခိုင်ဒေသတွင်တော့ သင်္ကြန်မကျမီ သင်္ကြန်အကြိုပွဲကို တခမ်းတနားပြုလုပ်ကျင်း ပလေ့ရှိကြသည်။
တစ်နည်းပြောရလျှင် နံ့သာသွေးပွဲနှင့် ဘုရားရေချိုးပွဲ(ရေသပ္ပါယ်ပွဲ)ဖြစ်သည်။နံ့သာသွေးပွဲကို သင်္ကြန်အကြိုရက် မတိုင်မီညတွင် ပြုလုပ်လေ့ရှိကြသည်။ ရခိုင်တိုင်းရင်းသားတို့ အလေးအမြတ်ထားကြသည့်ပွဲ လည်းဖြစ်သည်။ကျေးလက်တောရွာများတွင် ကျေးရွာလူကြီးများ၏ အိမ့်ရှေ့တလင်းမှာ၊သိုမ ဟုတ် ရွာလယ်ခွဆုံက တလင်းပြင်မှာ အောက်လင်း ဓာတ်မီးတွေထွန်းပြီး တစ်ပျော်တစ်ပါးစုဝေးပြီးနံ့သာသွေးကြသည်။
သနပ်ခါးကျောက်ပျဉ်ကိုယ်စီ၊အမွှေးနံ့သာတုံးကိုယ်စီဖြင့် ကျေးရွာမှလုံမငယ်တို့ အလှဆုံးဖီးလိမ်းပြင်ဆင်ကာလာရောက်စုဝေးပြီး နံ့သာသွေးကြမဘည်။မြို့ပြများတွင်တော့ ရပ်ကွက်အလိုက် ရပ်ကွက်တွင်းက ရွာလယ်ခွဆုံတွင် တပျော်တပါး စုဝေးပြီးနံ့သာသွေးတတ်ကြသည်။ယခုနောက်ပိုင်းတော့ လူငယ်အစုအဖွဲ့များကလည်း အစုအဖွဲ့ အလိုက်စုရပ်ထားပြီး နံ့သာသွေးလေ့ရှိနေကြပြီ။
နံ့သာသွေးပွဲကျင်းပပြုလုပ်ရာညတွင် ရပ်ရွာ၊ရပ် ကွက်အတွင်းမှလူရွယ် လူငယ်များကလည်း အတီး၊အမှုတ်၊အကအခုန်များဖြင့် မြူးမြူးကြွကြွ ရှိနေတတ်ကြသည်။သင်္ကြန်တေးသီချင်းတွေ တမြိုင်မြိုင်သီဆိုကခုန်ကြရင်း မောရပမ်းရမှန်းပင်မသိကြ။နံ့သာသွေးနေသည့် ချစ်ရသူ၏ အပြုံးမြမြနှင့် မျက်စောင်းတစ်ချက်အဝင့်ကိုကြည့်ရင်း ဆိုင်းချက်တီးကွက်နှင့်အညီ လိုက်၍ကခုန်ကြသည်မှာလည်း အားပါး တရရှိနေကြသည်။ကြည်နူး၊ရွှင်မြူးရသည့် ညပင်ဖြစ်သည်။
မောင်မောင်တို့က တပျော်တပါးဖြင့် ကကြ၊ခုန်ကြ။သံချပ်တွေ၊သီချင်းတွေဆိုကြ။မမတို့ကလည်းအ ပြုံးမြမြဖြင့်နံ့သာသွေးကြသည်မှာ ည ၁၁ နာရီ ၁၂ နာရီတိုင်တော့သည်။သွေးပြီးနံ့သာရည်များကို မင်းကျွန်မကြီးများ(လင်ရပြီးမိန်းမများ)က ရေဖလားကြီး၊ငွေဖလားကြီးများဖြင့် ခံယူစုဆောင်း ရယူထားကြသည်။သွေးပြီးနံ့သာရည်များက နောက်တစ်နေ့ (သင်္ကြန်အကြိုနေ့)ဘုရားရေချိုးရာတွင် အမွှေးနံ့သာရည်အဖြစ်အသုံးပြုရန်ဖြစ်သည်။ရခိုင်တို့က ဘုရားရေသပ္ပါယ်ခြင်းကို ဘုရားရေချိုး၊ရေတော်ချိုးသည်ဟုပင် လွယ်လွယ်သုံးလိုက်ခြင်ဖြစ်သည်။
ဘုရားရေတော်ချိုး ရေသပ္ပာယ်ပွဲ
ဘုရားရေတော်ချိုး၊ရေသပ္ပါယ်ပွဲကို သင်္ကြန်အကျ နေ့တွင် မိမိတို့ကိုးကွယ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ကျင်းပပြုလုပ်လေ့ရှိသည်။ အကြိုညကသွေးယူထားသော နံ့သာရည်များကို နံ့သာခွက်ကလေးများတွင်ထည့်၍မိန်းမရွယ်ငယ်များက ကိုယ်စီကိုင်၍ စီတန်းလျှောက်လှမ်းလိုက်ပါကြမည်။မိန်းမကြီး၊မိန်းမလတ်၊မင်းကျွန်မများက ဆွမ်းအုပ်များ ကိုယ်စီခေါင်းတွင် ပင့်ချီရင်းလိုက်ပါစီတန်း လျှောက်လှမ်းကြမည်။ဘုန်းတော်ကြီး ကျောင်းသို့အသွား စီတန်းလှည့်လည်ရာ ရှေ့ဆုံးမှသက်ကြီးများ၊မင်းကျွန်များ(မိန်းမရပြီးအသက် ၃၀ ကျော် ၄၅ နှစ်အရွယ်လူကြီးများ)က အလှူပစ္စည်းများ၊တင်းခွန်၊ကုက္ကားများကိုကိုင်၍ လျှောက်လှမ်းလိုက်ပါကြမည်။
နောက်ဆုံးတွင် ကာလသားလူငယ်များက ပဒေသာပင်ကိုကိုင် ချီရွက်ထမ်းကာ တီးဝိုင်းနှင့်အကနှင့် မရိုးနိုင်သော ရခိုင်သင်္ကြန်သီချင်းများ၊သံချပ်များကို ဆိုတီးကခုန်လိုက်ပါကြမည်။လူငယ်လူရွယ်များအဖို့ အတက်ကြွဆုံး၊အမြူးကြွဆုံး၊အပျော်ဆုံးကာလ တ စ်ခုဖြစ်သည်။သင်္ကြန်တွင် ကကြသည့်အကကား ယိမ်းနွဲ့ပျော့ပျောင်းသော ကဟန်တစ်ခုတော့မဟုတ် ။လက်နှစ်ဖက်ကို အပေါ်မြှောက်ထားပြီးခန္ဓာ ကိုယ်အား ဘယ်နွဲ့၊ညာနွဲ့ဖြင့် ကခြင်းဖြစ်သည်။
တစ်ဦးနှင့် တစ်ဦးဟန်ချက်ညီချင်မှညီမည်။စာရေးသူသည်သင်္ကြန်သံချပ်များကို နားစိုက်ထောင်ရင်း စိတ်တွင်းက မရိုးမရွဖြစ်လာမိသည်။ကချင်သလိုလို။ခုန်ချင်သလိုလို။အော်— သင်္ကြန်အခါသည်လူတို့ငယ်တို့အား တက်ကြွကြည်နူးမှုကို ပေးနေသလို သက်ကြီးများကိုလည်း ငယ်မူငယ်သွေး ပြန်စေသည့်အခါပေတကား။
ရွာဘုန်းတော်ကြီးကျောင်းကိုရောက်တော့ ကျောင်းကိုလက်ျာရစ် ၃ ပတ် သို့ဘမဟုတ် ခုနစ်ပတ်လှည်ပတ်၍ ပူဇော်ကြမည်။ပြီးတော့ကျောင်းထိုင်ဆရာ တော်ကြီးထံတွင် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြ၊ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကျောင်းဆော င်တစ်ခုလုံးအား လှဲကျင်းသန့်စင်ကြမည်။ကျောင်းခြံဝိုင်းရှိ ခြုံနွယ်အမှိုက်သရိုက်များကို ရှင်းလင်းကြမည်။
ကျောင်းဘုရားခန်းရှိ ဗုဒ္ဓရုပ်ပွားဆင်းညတုတော်များကို ရေချိုးသပ္ပာယ်ပေးကြမည်။ရောင်တော်ဖွင့်ပူဇော်ကြမည်။မိန်းမပျိုများက ရေတွင်းမှရေကိုခပ်ယူ၊ သယ်ယူပေးကြ၊ယောက်ျားလူငယ်များက ဆေးကြောသန့်စင်ပေးကြမည်။ချစ်ရသူခပ်ပေးသည့် ရေဖြင့်ဘုရားရေသပ္ပာယ်ပြီး ကုသိုလ်ယူခဲ့သည့်ငယ်ဘဝ ကိုတွေးမြင်မိရင်းစာရေးသူပြုံးလိုက်မိသည်။ထိုစဉ်က ချစ်သူ၏ အပြုံးမြမြသည်ရင်ကိုခုန်စေခဲ့သည်။အပျော်ဓာတ်တို့ဖြန့်ကြက်စီးဆင်းလျက်။ထိုစဉ်ကတော့ နောင်တွင်ဖြစ်ပေါ်တည်လာနိုင်သည့် ဘဝအမောများကိုမစဉ်းစားမိခဲ့ကြ။အမှန်တော့ သင်္ကြအကြိုပွဲသည် လူငယ်တို့၏ပွဲဖြစ်သည်ဆိုလျှင်လည်းမမှား။
ရေကစားခြင်း
ရခိုင်ဒေသတွင် ဘုရားရေချိုး၊ရေသပ္ပာ ယ်ပြီးမှသာ ရေပက်ကစားကြသည်။ မဟုတ်လျှင် ရေကစားခြင်းမပြုကြရ။ ဘုရားရေမချိုးမီ ရေပက်ကစားလျှင် င ရဲကြီးတတ်သည်ဟု လူကြီးသူမများက ပြောဆိုဆုံး မတတ်သည်။ကျောင်းကန် ဘုရားများကို ဆေး ကြောသန့်စင်အပြီး ရေစက်ချအနုမောဒနာတရား နာယူပြီးသည့်အခါတွင်တော့ ရေပက်ကစားနိုင်ကြပြီ။ကျောင်းရေတွင်းမှရေကို ကမန်းကတန်းပြေး လွှားခပ်ယူပြီး ချစ်ဦးသူအားသူများထက် အရင်ဦးအောင် ရေပက်နိုင်ရန်ကြိုးစားရေပက်ခဲ့ရသည်ကိုလည်း မမေ့နိုင်သေး။ချစ်ရသူ၏ မျက်စောင်းတချက်အဝင့်တွင် ရင်လှိုင်းခတ်လှုပ်ရှားခဲ့ရသည်ကိုလည်း တွေးမိပြန် သည်။
သင်္ကြန်အကြိုရက်၊သင်္ကြန်အကျရက်၊သင်္ကြန်အကြတ်ရက်၊သင်္ကြန်အတက်ရက်နှင့် နှစ်ဆန်းတစ် ရက်နေ့များကို သင်္ကြန်ကာလဟု သတ်မှတ်ထားကြသည်။ရခိုင်ဒေသတွင် သင်္ကြန်အကြိုနေ့ မတိုင်မီညပိုင်းတွင် နံ့သာသွေးပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲကြပြီး သင်္ကြန်ကိုကြိုကြသည်။သင်္ကြန်အကြိုနေ့တွင် ဘုရားကျောင်းကန်များသို့ သွားရောက်ပြီး ကျောင်း ကန်များကို လှဲကျင်းသန့်စင်ပြီး ဗုဒ္ဓဆင်းတုတော်များကို ရေချိုး၊ရေသပ္ပာယ်ပူဇော်ပြီးမှ သင်္ကြန်ချသည်။သင်္ကြန်ရေကစားခြင်းကို လူငယ်များက နှစ်ဆန်းတစ်ရက်နေ့ထိ ကစားလေ့ရှိပြီး အဆိုပါနေ့တွင် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်းမှာ အစဉ်အလာတစ်ခုပင်ဖြစ်သည်။
ယခုတော့ ရခိုင်သင်္ကြန်ရက်များသည် လွမ်းမောဖွယ်ကျန်ရစ်ခဲ့ပြီ။တေးချက်၊ တီးကွက်မြိုင်မြိုင်ဖြင့် ရိုးရာသင်္ကြန် တေးသီချင်းသံများ၊သံချပ်သံများကို မကြားရတော့။ဆူညံပေါက်ကွဲသံစဉ်များဖြင့် ကခုန်နေကြသည့် လူငယ်များကိုသာတွေ့နေရပြီ။ယိမ်းနွဲ့နွဲ့ကဟန်များကိုလည်း မမြင်ရတော့။စည်းချက်မဲ့ကခုန်နေကြသူများကိုသာ မြင်တွေ့ နေရတော့သည် ။ အရိုးကိုအရွက်မဖုံးစကောင်းဟုဆိုကြသည်။ခေ တ်နှင့်အညီပြောင်းလဲမှုများရှိလာသည့်တိုင် ရိုးရာအစဉ်အလာဖြစ်သော နံ့သာသွေးပွဲ၊ဘုရားရေချိုးပွဲများရှိနေခြင်းကပင်ဝမ်း သာစရာတစ်ခုဖြစ်ကြောင်းဆင်ခြင်ဖြစ်မိသည်။
စာရေးသူကတော့ ငယ်စဉ်ကာလ၊အရွယ်နုပျိုစဉ်တုန်းက တွေ့ကြုံ၊ခံစားခဲ့ရသည့် သင်္ကြန်အကြိုကာ လနံ့သာသွေးပွဲပုံရိပ်ကို ခံစားပုံဖော်ဖြစ်နေမိသည်။ အဝေးမှလွင့်ပျံလာသောသင်္ကြန်တေးသံများကို နား စွင့်ရင်း ငယ်မူငယ်သွေး၊ငယ်စိတ်တို့ ဖြစ်ပေါ်လာပြီး နုပျိုလန်းဆန်းသလိုပင်ခံစားရသည်။သင်္ကြန်နှင့်အ တူ အားသစ်အင်သစ်တို့ စီးမျောဝင်လာသည်။သင်္ကြန်အကြိုပွဲနှင့်အတူ နှစ်တစ်နှစ်၏အစကိုလှမ်းလင့်ကြိုဆို ဖြစ်နေမိတော့သည်။
https://www.facebook.com/permalink.php?story_fbid=159074963201485&id=107469705028678