ရခိုင်ပြည်သူတွေကို လှောင်ပြောင်ခဲ့ခြင်းတွေအတွက် ပြည်မတော်လှန်ရေးအဖွဲ့တစ်ခု တောင်းပန်

By Boder News Agency (BNA) / 2022  April 10

ရခိုင်ပြည်သူတွေ ခံစားကြရတဲ့ ဒုက္ခအမျိုးမျိုးကို ဖက်ဆစ်တွေရဲ့ ဝါဒမှိုင်းတိုက်မှုကြောင့် လျစ်လျူရှု၊ လှောင်ပြောင် ခဲ့တဲ့လုပ်ရပ်တွေအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တောတ်(ULA/AA)နဲ့ ရခိုင်ပြည်သူတွေအားလုံးကို အလေးအနက်ထားတောင်းပန်ကြောင်း ပြည်မတော်လှန်ရေးအဖွဲ့တစ်ခုက ဆိုပါတယ်။

ဒီနေ့ ဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ ULA/AA ရဲ့ ၁၃ နှစ်မြောက် တည်ထောင်ခြင်းအခမ်းအနားကို ပေးပို့တဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PLA) ရဲ့ သဝဏ်လွှာမှာ အဲဒီလို ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့ကြား အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နှစ်နှစ်ကျော် ကြာကာလတွေမှာ ဒေသခံအရပ်သားပြည်သူတွေ ရာနဲ့ချီပြီး သေဆုံး၊ ဒဏ်ရာရကာ သိန်းနဲ့ချီတဲ့ ပြည်သူတွေ နေ ရပ်စွန့်ခွာထွက်ပြေးကြတာတွေ ရှိခဲ့ပါတယ်။

အဲဒီတုန်းက အေးချမ်းငြိမ်သက်နေခဲ့တဲ့ ပြည်မဘက်မှ ဒေသခံအများစုဟာ စစ်ဘေးကြောင့် ဒုက္ခမျိုးစုံကြုံနေကြရတဲ့ ရခိုင်ပြည်သူတွေကို လှောင်ပြောင်တာ၊ ပြစ်တင်ဝေဖန်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလိုလုပ်ရပ်တွေအ တွက် ဗမာလူမျိုးကြီးဝါဒကို ဆန့်ကျင်ရပ်တည်တဲ့ PIO/PLA က တောင်းပန်တာပါ။

“ဒီလိုတောင်းပန်တာကို ကောင်းပါတယ်။ တစ်ခြားသော ပြည်မဖက်အဖွဲ့အစည်းတွေကလည်း အဲဒီလိုမျိုး တောင်းပန်တာ၊ သူတို့အပြစ်တွေကို လက်ခံတာတွေ လုပ်ဖို့လိုပါတယ်”လို့ ရခိုင့်တော်လှန်ရေးကို စိတ်ဝင်စားတဲ့ ရခိုင်ဒေသ ခံ ကိုမြတ်စိုးက ပြောပါတယ်။

ဒါ့အပြင် ULA/AA အနေနဲ့ ရခိုင်ပြည်သူတွေနဲ့ ဗမာပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုတွေကို ၎င်းတို့ PIO/PLA နဲ့အတူ တည်ဆောက်နိုင်ပါစေကြောင်းလည်း သဝဏ်လွှာမှာ ဆန္ဒထုတ်ပြုထားပါတယ်။ ပြီးတော့ ရခိုင်ပြည်သူ လူထုရဲ့အသက်အိုးအိမ်စည်းစည်ကို ကာကွယ်စောင့်ရှောက်ပြီး ရခိုင်ပြည်သူလူထုလိုလားတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ပါစေကြောင်းလည်း အဲဒီ PIO/PLA က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

PIO/PLA ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်ခုကို ရောက်လာ ကြတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်ဟောင်းတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူဝန်ထမ်းတွေ၊ လူငယ်တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

PIO/PLA ဟာ ဗမာလူမျိုးကြီးဝါဒ၊ စစ်ခရိုနီလက်ဝါးကြီးအုပ်စီးပွားရေးစနစ်နဲ့ ပဒေသရာဇ်အတွေးအခေါ်တွေကို ဆန့် ကျင်ရာမှာ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထုဘက်က အစဉ်အမြဲရပ်တည်တယ်လို့ သူတို့ရဲ့ကြေငြာစာတမ်း မှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့အခြေခံမူတွေကတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊  ပြည်သူ့လွတ်မြောက်ရေး၊ ဖယ်ဒရယ် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုဘ၀တရားမျှတရေးတို့ပဲဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၁၃ ကြိမ်မြောက် တည်ထောင်ခြင်းအခမ်းအနားကို PIO/ PLA အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ပေါင်း ၆ ခုနဲ့ နိုင်ငံရေးပါတီ ၁ ခုတို့က သဝဏ်လွှာပေးပို့ထားကြ တယ်လို့ ULA/AA က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီသဝဏ်လွှာပေးတဲ့အထဲက နှစ်ဖွဲ့ဟာ သူတို့ရဲ့တပ်ထူထောင်ရေး၊ စစ်ရေးအတွက် ULA/AA ရဲ့ အထောက်အပံ့ တွေကို ရခဲ့တယ်လို့ သဝဏ်လွှာတွေမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီအဖွဲ့နှစ်ခုကတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ(တကသများ – ရန်ကုန်)/ကျောင်းသားလက်ရုံးတပ်တော်(က.လ.က)နဲ့ လူထုတော်လှန်ရေး မဟာမိတ်(PRA – Magway) တို့ဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်မှာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA)ထိန်းချုပ်နယ်မြေအတွင်း တပ်ဖွဲ့ဝင် ၂၆ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=159320059843642&id=107469705028678

Leave a Reply

Your email address will not be published.