ရခိုင်တွင် သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်သတိပြုကြရန် အမ်းမှလူငယ်များ Online ကမ်ပိန်းပြုလုပ်

By Development Media Group (DMG)/ 2022 April 11

ယခုနှစ်သင်္ကြန်ကာလတွင် ရခိုင်ပြည်သူများ ယာဉ်အန္တရာယ်သတိပြုကြရန် အမ်းမြို့နယ် ရူးစံပြကျေးရွာ ဒေသခံလူငယ်များမှ ဧပြီလ ၁၀ ရက်နေ့က Online ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်သူများအနေဖြင့် အတာသင်္ကြန်ပွဲတော်ဆင်နွှဲရာတွင် ယာဉ်မတော်တဆမှု အန္တရာယ်ကိုဂရုပြုစေရန်အတွက် ကမ်ပိန်းပြုလုပ်ခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အမ်းမြို့နယ် Go Green Rue အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထွန်းမင်းဇော်က DMG သို့ပြောသည်။

“အခုခေတ်မှာက လူတိုင်းနီးပါးက ဆိုင်ကယ်၊ ကားတွေရှိနေတယ်။ ဒီတော့ယာဉ်တွေကြောင့် သင်္ကြန်ကာလမှာ နှစ်စဉ်ဥပါဒ်ဖြစ်ကြရတယ်။ အပျော်ကအပျက်မဖြစ်စေချင်တဲ့အတွက် အခုလိုလုပ်ဖြစ်တာပါ။ နောက်ပြီး ဒါတွေကလူအများသိပြီးသားဖြစ်ပေမယ့် ဒီအကြောင်းအရာလေးကိုပဲ လူတွေထပ်ပြီးသတိပြုမိအောင် Highlight လုပ်ပြီး လုပ်တဲ့သဘောပါပဲ”ဟု ၎င်းကဆိုသည်။

အဆိုပါကမ်ပိန်းတွင် လူငယ်များက သင်္ကြန်ကာလအတွင်း အရက်သေစာအလွန်အကျွံသောက်သုံးပြီး ယာဉ်မမောင်းကြရန် ရေးသားထားသည့် ဆိုင်းပုဒ်များကိုကိုင်ဆောင်၍ ဓာတ်ပုံရိုက်ကာ Go Green Rue Facebook တွင် ဖော်ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ကမ်ပိန်းပြုလုပ်ခြင်းမှာ ကောင်းမွန်သည့်လက္ခဏာတစ်ရပ်ဖြစ်ပြီး ရခိုင်ပြည်သူများအနေဖြင့်လည်း အရက်သေစာသောက်စားကာ ယာဉ်ကိုမဆင်မခြင်မောင်းနှင်မှုများကို သတိပြုရန်လိုကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောဆိုသည်။

“ဒီကာလမှာ မသောက်နဲ့လို့တော့ပြောလို့မရဘူးလေ။ ဒါပေမယ့် အရက်ဆိုတာက ဇိမ်ခံပစ္စည်းဖြစ်တယ်။ ဒါကိုသတိပြုဖို့လိုတယ်။ သောက်ပြီးရင် နောက်ဆက်တွဲ တခြားပြသနာတွေမဖြစ်အောင် ဂရုစိုက်ကြဖို့လိုပါလိမ့်မယ်။ နောက်ပြီး အခုလိုကမ်ပိန်းအပြင် လူငယ်တွေအနေနဲ့လည်း ကိုယ့်အသိနဲ့ကိုယ်ဆင်ခြင်ကြဖို့လိုပါတယ်”ဟု ဦးခိုင်ကောင်းစံကဆိုသည်။

ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ယခင်နှစ်များထက်ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ သုံးရက်လျှင်တစ်ဦးနှုန်းခန့်ရှိနေကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ (၁၇)မြို့နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်က ယာဉ်မတော်တဆမှု ၃၃၇ မှုဖြစ်ပွားခဲ့ပြီး ၁၁၄ ဦးသေဆုံးကာ ၄၆၅ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် ၁၂၁ ဦးသေဆုံးခဲ့ပြီး ၂၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂၀၂၁ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၁၉ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၁၂၁ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၆၈ ဦးရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲရုံး၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2267377763414622

Leave a Reply

Your email address will not be published.