ရခိုင်တွင် ဘုရားပုထိုးစေတီများအတွင်း စစ်တပ်မှ တပ်စွဲနေရာယူထားမှုမှာ ၃ နှစ်ကျော်အထိရှိလာ

By Western News/ 2022 April 25

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ်မှစ၍ မြန်မာစစ်တပ်မှ ဘုရားပုထိုးစေတီများတွင် တပ်စွဲထားမှုတို့ရှိခဲ့ရာ လက်ရှိချိန်ထိလည်း ဆက်ရှိနေဆဲဖြစ်သည်။

ထိုသို့သာသနာ့နယ်မြေများအတွင်းတပ်စွဲနေရာယူထားမှုတို့အား ဖယ်ရှားပေးရန် သက်ဆိုင်ရာများသို့ တောင်းဆိုမှုများပြုလုပ်ခဲ့ကြသော်လည်း ထူးခြားမှုရှိမလာခဲ့ပေ။

ပြိးခဲ့သည့် ၂၀၁၉ စက်တင်ဘာလအတွင်းကလည်း လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သာသနာ့နယ်မြေများနှင့် အများပြည်သူများနေထိုင်သည့် နေရာများအား အကာကွယ်ယူမှုတို့မပြုလုပ်ရန်အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ရာ အတည်ပြုနိုင်ခဲ့မှုရှိခဲ့သော်လည်း လက်ရှိချိန်ထိ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုမရှိသေးပေ။

ဘူးသီးတောင်မြို့နယ်ရှိ ၎င်းတို့တပ်စွဲနေရာယူထားသည့် ၃၁ ဘုံဘုရားအားလည်း ဒေသခံများ ဖူးမြော်ခွင့်မရသည်မှာ ၃ နှစ်ကျော်ခန့်ရှိနေပြီဖြစ်ပြီး ဘုရားအပျက်အစီးများနှင့်ပတ်သက်၍လည်း ကြည့်ရှုခွင့်မရကြောင်း ဘူးသီးတောင်မြို့နယ်မှ ဆရာတော်တစ်ပါးကမိန့်သည်။

“အဲ့ဘုရားမဖူးရတာ အတော်ကြာပါပြီ။ သူတို့ကရှိနေတုန်းပဲလေ။ စိုင်းဒင်တံတားကနေပိတ်ထားတယ်။ သွားခွင့်မရဘူး။ ဘုရားအပျက်အစီးတွေ၊ ပြုပြင်ရမယ့်အပိုင်းတွေနန့်ပတ်သက်ပြီးလည်း ဘာမှကြည့်ရှုခွင့်မရပါဘူး” ဟုပြောသည်။

ယင်းအပြင် မြောက်ဦးရှိ ရွေတောင်၊ ငွေတောင်၊ သင်းကျိတ်တော်တောင်တို့တွင်လည်း မြန်မာစစ်တပ်မှ တပ်စွဲနေရာယူထားလျက်ရှိရာ ယူနီစကိုဝင်ရေးကြိုးပမ်းနေသည့် ဒေသတစ်ခုအတွက် ရှေးဟောင်းနယ်မြေများတွင် ယခုကဲ့သို့တပ်စွဲထားမှုဆက်မရှိသင့်တော့ဟု ဒေသခံများကပြောဆိုကြသည်။

၎င်းအပြင် အထင်ကရစေတီများဖြစ်သည့် ကျောက်တော်ရှိ ကျောက်တော်တောင်စေတီနှင့် မင်းပြားရှိ ကျိန်းတောင်စေတီတို့တွင်လည်း နေရာယူထားမှုတို့ရှိခဲ့ရာ အဆိုပါနေရာများသို့ ဘုရားဖူးလာရောက်သူများနည်းပါးခဲ့သည်။

မင်းပြားကျိန်းတောင်တွင်ဆိုလျှင် ယခင် နေ့ကြီးရက်ကြီးများမှလွဲ၍ ကျန်နေ့များတွင် ဘုရားဖူးခွင့်ကိုပိတ်ထားခဲ့ပြီး ရပ်မိရပ်ဖ၊ ဂေါပကနှင့် အရပ်ဖက်အဖွဲ့အစည်းများစုပေါင်းတောင်းဆိုမှုကြောင်း တစ်ပါတ်တွင် ၃ ရက်အကန့်အသတ်ဖြင့်သာဘုရားဖူးခွင့်ရခဲ့သည်။

လက်ရှိတွင် ထပ်မံတောင်းဆိုမှုကြောင့် ၇ ရက်လုံးဘုရားဖူးခွင့်ရရှိပြီဖြစ်သည်ဟု ကျိန်းတောင်ဂေါပက အဖွဲ့ဝင် ဦးညီလှမောင်ကပြောသည်။

နှစ်စဥ်စည်ကားစွာကျင်းပမြဲဖြစ်သည့် ကျိန်းတောင်ဘုရားပွဲကိုမူ ပြီးခဲ့သည့် ၂၀၁၉ မှစ၍ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်လည်း ကျင်းပနိုင်မှုမရှိခဲ့ပေ။

ယခုကဲ့သို့ မြန်မာစစ်တပ်မှ လက်ရှိချိန်ထိ ဘုရားပုထိုးစေတီများတွင် တပ်စွဲထားမှုအခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်သူရအား Western News မှဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/509631224176720

Leave a Reply

Your email address will not be published.