By Narinjara / 2022 April 05

စစ်ကောင်စီ (စကစ)က ရခိုင်ပြည်နယ်တွင် စစ်ရေးအရ လူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာဖြည့်တင်းခြင်းများကို တောက်လျှောက် လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပြီး ထိုလုပ်ဆောင်ချက်များကြောင့် မလွှဲမရှောင်သာ စစ်ရေးအရ ထိပ်တိုက်တွေ့မှုများ ဖြစ်လာနိုင်သည်ဟု ULA/AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ ဧပြီလ ၅ ရက်နေ့ အွင်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
“ စကစဟာ ULA/AA ဦးဆောင်တဲ့ ရက္ခိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို အနှောင့်အယှက်ပေးရုံသာမက တဖက်မှာ စစ်ရေးအရ လူအင်အား၊ လက်နက်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းခြင်းတွေကို တောက်လျှောက်လုပ်ဆောင်နေတာတွေကို တွေ့မြင်ရပါတယ် “ ဟု ပြောဆိုသည်။
၎င်းပြင် ရခိုင်ပြည်နယ်အတွင်း ULA/AA က ကြိုးပမ်းလုပ်ဆောင် အကောင်အထည်ဖော်နေသည့် လုပ်ငန်းစဉ်များကိုလည်း တောက်လျှောက် ကန့်ကွက်အနှောင့်အယှက်ပြုနေသည်ဟု ပြောဆိုသည်။
“ နောက်ပြီးတော့ ULA/AAက ကြိုးပမ်းလုပ်ဆောင်နေတဲ့ အာရက္ခဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားတဲ့ လူမျိုး ဘာသာတွေ အကြား သဟဇာတဖြစ်ရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး၊ တရားမျှတမှုရရှိရေးလုပ်ငန်းစဉ်တွေကိုလည်း စကစဘက်က တောက်လျှောက် ကန့်ကွက်အနှောင့်အယှက်ပြုနေတာကို တွေ့ရပါတယ် “ ဟု ဆိုသည်။
၎င်းလုပ်ရပ်များသည် ရခိုင်၏ တည်ငြိမ်ရေးကို မလိုလားကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်ဟု ဦးခိုင်သုခက ပြောဆိုသည်။
“ ယင်းအပြင်မတူညီတဲ့လူမျိုးဘာသာတွေကြား ပြဿနာဖန်တီးပြီးတော့ ပြုလုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ စကစ၏ ယင်းအပြုအမှုနဲ့လုပ်ရပ်တွေဟာ အာရက္ခ ပြည်သူတွေ ငြိမ်းချမ်းရေးကို မလိုလားကြောင်း ရှင်းလင်းစွာပြသနေတာဖြစ်ပါတယ်။ ယခု လုပ်ရပ်များကြောင်း မလွှဲမရှောင်သာစစ်ရေးအရထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်ပါကြောင်း” သူက ပြောဆိုသည်။
“ စကစဘက်ကအခုထက်ပိုပြီး စစ်ရေးလှုပ်ရှားမှုတွေနဲ့ အာရက္ခပြည်သူတွေ အပေါ်ခြိမ်းခြောက်မှုတွေ ဆက်လက်လုပ်ဆောင်လာမယ်ဆိုရင် အာရက္ခပြည်အတွင်းစကစနဲ့ မိမိတို့ ရက္ခိုင်ပြည်သူ အစိုးအရ အကြား မလွဲမရှောင်သာစစ်ရေးအရထိပ်တိုက်တွေ့မှုတွေ ဖြစ်လာ နိုင်ပါတယ်” ဟု ပြောဆိုသည်။
ယခု လုပ်ရပ်များမှာ အာရက္ခပြည် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများကို တိုက်ရိုက် ခြိမ်းခြောက်နေခြင်း ဖြစ်သည့် အတွက် အာရက္ခပြည်သားများ အားလုံး နိုင်ငံရေးအသိ၊ စစ်ရေး အသိမပေါ့ဆကြရန်နှင့် ယခု ထက်ပို၍ စည်းလုံးညီညွတ်မှုရှိကြရန် တိုက်တွန်း အသိပေးလိုပါကြောင်း ဦးခိုင်သုခက ပြောဆိုသွားသည်။
https://www.facebook.com/narinjara.info/posts/5353346888010678