ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏စာပေဆု စာပေပညာရှင် ၄ဦးအား ချီးမြှင့်

By Narinjara / 2022 April 23

သျှင်မင်းဇံ

တတိယအကြိမ် ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ရခိုင်စာပေဆုကို ရခိုင်စာပေပညာရှင် ၄ ဦးအားချီးမြှင့်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဆုများကို ရမ်းဗြဲမြို့မှ ပျံလွန်တော်မူသွားသည့် ရခိုင်ရာဇာဝင်သစ်ကျမ်း ပြုစုရေးသားခဲ့သည့် တောင်ကျောင်း ဆရာတော် အသျှင်စန္ဒမာလာလင်္ကာရ၏ ကျောင်းတိုက်တွင် ဧပြီလ ၂၂ ရက်နေ့က အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။

စာပေဆုချီးမြှင့်ရာတွင် ဝတ္ထုအကောင်းဆုံးဆုကို “မဟာသုဘဒ္ဒဖြေဆီးနန့် အခြားဝတ္ထုများ” ဖြင့် ဆရာမခိုင်ရွှေသဇင်မြတ်ကရရှိခဲ့ပြီး ဆောင်းပါး အကောင်းဆုံးဆုကို “ရခိုင်မဏ္ဍိုင်ဇာတီများနှင့် အခြားဆောင်းပါးများ” ဖြင့် ရက္ခသာဂီ (ကျိန်းရပ်မြီ)ကရရှိခဲ့သည်။

ဂန္တဝင်ကဗျာ အကောင်းဆုံးဆုကို “စိတ်ချနိန်လီနန့် အခြားကဗျားများ” ဖြင့် မင်းလွင်(ကျောက်ဖြူ) ရရှိပြီး မော်ဒန်ကဗျာအကောင်းဆုံးဆုကို “ကြယ်ကြွီလမ်းနန့် အခြားကဗျာများ” ဖြင့် ပန်းသီကြိုး( ရသေ့တောင်)က ရရှိခဲ့သည်။

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာ မင်းသိန်းဇံက “ရခိုင်စာပေ အရေးအသားနဲ့ ရေးသားထာားတဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု စာပေဆုတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဓိကတော့ ရခိုင်စာပေ အားကောင်းမောင်းသန်နဲ့ ဖွံ့ဖြိုးတိုးတက်လာရေးနဲ့ ရခိုင်စာပေ အရေးအသားကို ပိုမိုပြီးရေးသားလာကြဖို့ ရည်ရွယ်ပြီး ဒီဆုတွေကို ချီးမြှင့်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရန် လူကြီးတွေကလမ်းညွှန်းမှုပေးပြီး လူငယ်တွေက နောက်က ကြိုးစားလိုက်နာ ဆောင်ရွက်ကြလျှင် ရခိုင်တမျိုးသားလုံး၏ ရည်မှန်းချက်ဖြစ်သော ရခိုင်စာပေ တစ်ခေတ် ပြန်လည် ထွန်းလင်း တောက်ပလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆောင်းပါး အကောင်းဆုံး ဆုရရှိသည့် ရက္ခသာဂီ (ကျန်းရပ်မြီ)က ပြောသည်။

 “နောက်မျိုးဆက်သစ် ရခိုင်လူငယ် စာရေးဆရာတွေ အများ ပေါ်ထွန်း စေချင်တယ်။ လူကြီး လူငယ်တွေက အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရင် တစ်နေ့ ရခိုင်စာပေ ထွန်းလင်း တောက်ပ လာပါလိမ့်မယ်။ နောက်တစ်ခု ခေါင်းဆောင်ပိုင်းတွေကို အဓိကတိုက်တွန်းချင်ပါတယ်။ တချို့ လူငယ်တွေက ပြိုင်ပွဲတော့ ဝင်ချင်ကြတယ်။ ဒါပေမဲ့ ဘယ်လို အဆက်အသွယ်တွေနဲ့ ပြိုင်ရမယ် ဆိုတာကို မသိဖြစ်နေကြတယ်။ အဲဒါကို မြို့နယ် အသီးသီးက ခေါင်းဆောင်လုပ်တဲ့ လူကြီးတွေက ပံ့ပို့ကြဖို့  တိုက်တွန်း ပြောဆို ချင်ပါတယ်”ဟု ပြောသည်။

ရခိုင် စာပေဆုချီးမြှင့်ပွဲအား ရမ်းဗြဲမြို့တွင် ဧပြီလ ၂၂ ရက်နေ့ မှ ဧပြီ ၂၃ ရက်နေ့ထိ ၂ရက်တာ ကျင်းပခဲ့သည့် ရခိုင်စာပီ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ပဉ္စမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ရခိုင်သတ်ပုံကျမ်းတစ်စောင်ပေါ်ပေါက်ရေးအတွက် သတ်ပုံများကို ပြုစုခဲ့ကြသလို သတ်ပုံကျမ်းနှင့် ပတ်သက်ပြီးလည်း အဓိက ထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

၎င်းအစည်းအဝေးကို မောင်တောမြို့နယ်မှအပ ရခိုင်ပြည်နယ် ၁၆ မြို့နယ်က မြို့နယ် ကိုယ်စားပြု ရခိုင်စာပေပညာရှင် ကိုယ်စားလှယ် ၆၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်မှ အကြီးမားဆုံးစာပေဆုချီးမြှင့်ပွဲ တစ်ခုဖြစ်သည့် တန်းခိုးဆရာထွန်း စာပေးဆုချီးမြှင့်ပွဲကိုလည်း ဧပြီလ ၉ ရက်နေ့တွင်  ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုး ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/5400954406583259

Leave a Reply

Your email address will not be published.