ရခိုင်က လေပြင်းကြောင့် ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းတွေမှာ အရေးပေါ်အကူအညီလိုအပ်နေ

By Boder News Agency (BNA) / 2022  April 24

ဓာတ်ပုံ-တင်းမဆရာတော်

ရခိုင်ပြည်နယ်မှာ ဧပြီလ ၂၀ ရက်နေ့က ရုတ်တရက်မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ တဲအိမ်တွေပျက်စီးခဲ့တဲ့အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

လေပြင်းကျရောက်မှုကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာတွေပျက်စီးသွားပြီး နေရာထိုင်ခင်းအခက်အခဲနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

လေပြင်းကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆန်ရိက္ခာနဲ့ ရေအဓိက လိုအပ်နေပြီး ပျက်စီးသွားတဲ့ တဲအိမ်တွေအတွက် အမိုးအကာတွေလည်း အရေးပေါ်လိုအပ်နေကြောင်းပြောပါတယ်။

မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ကမ်းဘေးမှာရှိတဲ့ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ တဲအိမ်အများအပြားပျက်စီးသွားပြီး လက်ရှိအချိန်ထိ ပြန်မပြင်နိုင်သေးကြောင်း စခန်းတာဝန်ခံက ပြောပါတယ်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုညီပုက “ တဲအိမ်တွေက ပြန်မပြင်ရသေးတာအများကြီးကျန်ပါသေးတယ်။ လုံလောက်တဲ့အကူအညီတွေမရောက်သေးဘူး။ ပြီးတော့ စားနပ်ရိက္ခာလည်း လိုအပ်နေတယ်။ လူကယ်ပြန်ကလည်း ဆန်းရိက္ခာမရောက်တော့ ဆန်တွေပြတ်လပ်နေပြီ။ ” လို့ ပြောပါတယ်။

တချို့စစ်ဘေးရှောင်စခန်းတွေမှာ နိုင်ငံတကာကူညီရေးအဖွဲ့အစည်းတွေက အမိုးအကာနဲ့ စားနပ်ရိက္ခာတချို့ လာရောက်ပေးဝေတာတွေရှိပေမယ့် နောက်ထပ်အကူအညီတွေလိုအပ်နေတဲ့ စစ်ဘေးရှောင်စခန်းအများကြီးကျန် ရှိနေသေးကြောင်း သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ နွေရာသီရေရှားပါးတဲ့ ဒဏ်ကို ခံနေကြရတဲ့အတွက် အဟာရပြည့်ဝတဲ့အစားအသောက်တွေကို မစားနိုင်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ချို့ယွင်းမှုတွေလည်း ရှိကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်လို ဆင်းရဲနွမ်းပါးတဲ့ဒေသက စစ်ဘေးရှောင်တွေဟာ မိုးရာသီရောက်ဖို့နီးကပ်လာတာနဲ့စစ်ဘေးရှောင်တွေအဖို့ ထိရောက်တဲ့အကူအညီတွေအများအပြား လိုအပ်ကြောင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေအများပြားရှိတဲ့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက စခန်းတွေမှာဆိုရင် စစ်ဘေးရှောင်တွေဟာ ဆန်ရိက္ခာအပြည့်အဝမရကြကြောင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကျောက်တော်မြို့ပေါ်က ရထားဘူတာ စစ်ဘေးရှောင်စခန်းမှာ အစိုးရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လစဉ်ထောက်ပံ့ပေးနေတဲ့ဆန်မရတာ ၂ လနီးပါးရှိလာတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

ရထားဘူတာ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်အေးလှက “ စားနပ်ရိက္ခာပိုင်းကတော့ ကျနော်တို့မှာ မတ်လကလည်း ဆန်မရောက်ဘူး။ ဒီလမှာလည်း မရောက်သေးဘူး။ ဒါကြောင့် အပြင်မှာထွက်ပြီး အလုပ်လုပ်နေရတယ်။ အိမ်သာတွင်းတွေဆိုရင်လည်း တူးရတယ်။ အခက်အခဲတွေက မျိုးစုံပါပဲ။ နိုင်ငံတကာကူညီရေးအဖွဲ့တွေကတော့ အမိုးအကာတွေနဲ့ ငွေသားအကူအညီတွေပေးတာရှိတယ်” လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်တာကလအတွင်း အေအေနဲ့ တပ်မတော်တို့ရဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခကြောင့် ရာနဲ့ချီတဲ့ ကျေးရွာတွေက ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး အနေအထိုင်အစားအသောက်ဆင်းရဲတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဝမ်းနည်းဖွယ် ရောက်ရှိသွားကြပါတယ်။

စစ်ဘေးရှောင်အများစုဟာ ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေက ဖြစ်ပြီး စစ်တွေနဲ့ အဲဒီမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလုံနေကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်မိဘတွေဟာဆိုရင် လက်ရှိမှာ သူတို့သားသမီးတွေရဲ့အနာဂတ်ကို ထည့်သွင်းစဉ်းစားလာကြပြီ နေရပ်ပြန်ချင်နေကြပြီဖြစ်ကြောင်း ပြောပါတယ်။

https://www.facebook.com/permalink.php?story_fbid=162606306181684&id=107469705028678

Leave a Reply

Your email address will not be published.