မြောက်ဦးဒေသခံသေဆုံးမှုကိစ္စ စစ်ဆေးခဲ့သူနှစ်ဦးကို အရေးယူထားဟု AA ပြော

By Development Media Group (DMG)/ 2022 April 05

သေဆုံးသွားသည့် မြောက်ဦးမြို့ဒေသခံ ဦးမောင်ကြီးလှကို စစ်ဆေးခဲ့သည့် စစ်ဆေးရေးမှူးနှစ်ဦးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားပြီး သင့်လျော်သည့်ပြစ်ဒဏ်ချမှတ်နိုင်ရေး စီစဉ်ထားသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ယနေ့(မတ်လ ၅ ရက်)နေ့တွင်ပြုလုပ်သည့် ဒုတိယအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဦးမောင်ကြီးလှ သေဆုံးမှုကိစ္စမှာ သက်ဆိုင်တဲ့စစ်ဆေးရေးမှူးနှစ်ယောက်ကို ကျနော်တို့က ဥပဒေကြောင်းအရ အရေးယူထားပြီးဖြစ်ပါတယ်။ သူတို့ကို စနစ်တကျစုံစမ်းစစ်ဆေးပြီး သင့်လျော်တဲ့ပြစ်ဒဏ်ပေးမှုတွေ လုပ်သွားဖို့ရှိကြောင်း ပြောကြားချင်ပါတယ်။ ကျနော်တို့မှာ ပြစ်မှုကျူးလွန်လို့ရှိရင် ဘယ်သူ့ကိုမှခွင့်လွှတ်သွားမှာ မဟုတ်ဘူး”ဟု ၄င်းကဆိုသည်။

မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးမောင်ကြီးလှမှာ ဆီးချိုရောဂါ၊ အသဲရောင်အသားဝါရောဂါ၊ ကျောက်ကပ်ရောဂါအခံရှိပြီး ULA/AA က ထိန်းသိမ်းထားချိန် အနည်းငယ်ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လိုက်သဖြင့် ယခုကဲ့သို့ ဖြစ်ပွားသွားရခြင်းဟုဆိုသည်။

“ကျနော်တို့ဘက်က စုံစမ်းစစ်ဆေးတဲ့လူတွေက သူ့မှာရောဂါအခံရှိတာကိုမသိဘဲ နည်းနည်းကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်တဲ့အခါ အခုလို မလိုလားအပ်တဲ့ accident တွေဖြစ်သွားရတာဖြစ်ပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

“ဦးမောင်ကြီးလှကို ကျနော်တို့ဘက်က ကျန်းကျန်းမာမာအခြေအနေကတည်းက တင်ပါးကဒဏ်ရာနဲ့ နာမကျန်းဖြစ်နေတာကို ဆေးကုသဖို့အတွက် ကောင်းကောင်းမွန်မွန်အခြေအနေနဲ့မြောက်ဦးဆေးရုံကို ယူလာတာဖြစ်ပါတယ်။ အခုစွပ်စွဲထားသလိုမျိုးအလောင်းကိုဆေးရုံကိုလာပို့တာ မဟုတ်ပါဘူး။ ကျနော်တို့မှာလိုအပ်တဲ့အထောက်အထားတွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဆရာဝန်လက်မှတ်တွေ အကုန်လုံးရှိပါတယ်”ဟု ၄င်းကဆက်လက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များ၊ မြို့မိ၊မြို့ဖများ၊ ရဟန်းသံဃာများကို တွေ့ဆုံရှင်းလင်းပြီးသားဟုလည်း ဦးခိုင်သုခကဆိုသည်။

ဦးခိုင်သုခက၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ဦးမောင်လှကြီး သမီးဖြစ်သူက “ကျမအဖေမှာ ဘာရောဂါအခံမှမရှိပါဘူး။ ကျမတို့ အမှန်ပြောလို့ အသက်ကိုပေးရမယ်ဆိုရင်လည်း ပေးရဲပါတယ်။ ခုနားက သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တယ်။ မိသားစုဝင်တွေကို စာရွက်စာတမ်းတွေ ချပြတယ်ဆိုတာလည်း ဘာတစ်ခုမှမရှိဘူး။သူတို့နဲ့ ကျမတို့မိသားစုဝင်ကြားမှာ ဘာတစ်ခုမှဆွေးနွေးတာမရှိသေးဘူး။ သူတို့နဲ့ကျမတို့ကြားမှာ ပြေလည်မှုတစ်ခုမှမရှိပါဘူး။အဖေက လူသတ်အလောင်းဖျောက်တဲ့ကိစ္စမှာ ပါချင်ရင်ပါမယ်။မပါချင်လည်း မပါဘူး။ ကျမတို့မသိဘူး။ သူတို့ပြောတာကို တစ်ခုမှလက်ခံလို့မရဘူး”ဟုပြောသည်။

ဦးမောင်ကြီးလှမှာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့(AAA) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူသတ်အလောင်းဖျောက်ကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်မှုရှိသောကြောင့် လိုအပ်ချက်အရ ခေါ်ယူစစ်ဆေးရခြင်းဖြစ်သည်ဟုလည်း ဦးခိုင်သုခက ပြောဆိုထားသည်။

အသက်(၅၆)နှစ်အရွယ် ဦးမောင်ကြီးလှမှာ မတ်လ ၂၂ ရက်နေ့က နေအိမ်မှထွက်သွားပြီးနောက် တစ်ပတ်ခန့်အကြာ မတ်လ ၃၀ ရက်နေ့တွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် ၎င်း၏ရုပ်အလောင်းကို မြောက်ဦးမြို့ရင်ခွဲရုံတွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ဦးမောင်ကြီးလှကို စစ်ဆေးစရာရှိသည်ဟု မြောက်ဦးမြို့နယ်ရှိ AA မှဖုန်းဆက်ခေါ်သဖြင့် အဖော်တစ်ဦးနှင့်အတူ ဘေးတွဲဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ရာမှ ဦးမောင်ကြီးလှနှင့်မိသားစုအဆက်အသွယ်ပြတ်သွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် ဦးမောင်ကြီးလှမှာ သွေးတိုးရောဂါနှင့်သေဆုံးသွားသည်ဟု လူနှစ်ဦးမှ မိသားစုထံလာရောက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု မိသားစုထံမှသိရသည်။

https://www.facebook.com/dmgnewsagency/posts/2262757910543274

Leave a Reply

Your email address will not be published.