By Voice Of Westland (VOW)/ 2022 April 04
ခိုင်သဇင်
မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO)ဝင်နိုင်ရေးအတွက် ရှေးဟောင်းဘုရားပုထိုးတော်တွေအနီးကကျူးကျော် နေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ၂၀၂၂ ခုနှစ်မကုန်ခင် ဖယ်ရှားနိုင်ဖို့ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဧပြီလ ၄ ရက်နေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစည်းအဝေးမှာ ဘုရားပုထိုးအနီးက ကျူးကျော်တွေနဲ့ စစ်ဘေးရှောင်တွေကိုဖယ်ရှားဖို့ တင်ပြဆွေးနွေးခဲ့တာဖြစ်တယ်လို့ရှေးဟောင်း သုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန မြောက်ဦးဌာနခွဲက ညွှန်ကြားရေးမှူး ဦးကြည်ခင်က VOW သတင်းဌာနကိုပြောပါတယ်။
“ကျွန်တော်တို့က ကော်မတီဖွဲ့ပြီး တင်ပြတဲ့အတွက် ပြည်နယ်အစိုးရက ဒီနေ့မှာ ညှိနှိုင်းအစည်းအဝေးခေါ်တယ်။ ကျူးကိစ္စကနေရာတွေပေးဖို့၊ဖယ်ရှားဖို့။ဖယ်ရှားရင်ဒီတိုင်းဖယ်ရှားလို့မရဘူး။ နေရာလေးဘာလေးပေးရမှာပေါ့သူတို့ကို။ ဘယ်နေရာကိုနေရာပေးမယ်။ အဲဒီနေရာကိုပြောင်းတော့၊ဖယ်တော့ပေါ့။ သူတို့ကိုလဲသွားပြီးဖမ်းချုပ်လို့လဲမရဘူး။ သူတို့အတွက်လဲအဆင်ပြေအောင်စီမံချက်ရေးဆွဲခိုင်းထားတယ်။အဲဒါတွေကိုထွေအုပ်ရယ်၊ရှေးသုရယ်၊မြေစာရင်းတွေရယ်။ အဲဒါတွေပေါင်းပြီးတော့စီမံချက်ရေးတင်ရမှာပေါ့နော်”လို့ သူကပြောပါတယ်။
ရခိုင်ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တွေတည်ရှိနေတဲ့ မြောက်ဦးမြို့ရဲ့တချို့နေရာတွေမှာမြေတူးပြီး အဆောက်အဦ တည်ဆောက်နေတာတွေ၊ ကျုံးတွေကိုမြေဖို့ပြီးနေထိုင်တာတွေ၊ ခြံစည်းရိုးတွေတိုးချဲ့နေရာယူပြီး အရောင်းအဝယ်ပြုလုပ်တာတွေ ရှိနေတယ်လို့ သူကပြောပါတယ်။
မြောက်ဦးမြို့ရဲ့ လေးမျက်နှာပုထိုး၊ ငွေတောင်ကျုံး၊ မောင်းဆွဲတောင်တန်းတဝိုက်နဲ့၊ သရေကုန်းဘောင်စတဲ့နေရာတွေမှာ ကျူးကျော်တွေအများဆုံး နေရာယူနေထိုင်နေကြတာဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဖယ်ရှားဖို့လိုအပ်နေတယ်လို့လည်းသူက ပြောပါတယ်။
“မြတန်ဆောင်းတို့၊သျှစ်သောင်းက IDP Camp တို့။စစ်ဘေးရှောင်စခန်းတွေလေ။ အဲဒါတွေလည်းပါပါတယ်။ စစ်ဘေးရှောင်တွေက ကိုယ့်နေရာကိုယ်ရှိပြီးသားလေ။ ကိုယ့်ရွာကိုယ်ရှိနေတာ ကိုယ့်ရွာကိုပြန်နိုင်အောင်လုပ်ရမှာ။ သူတို့ကစစ်ဘေးခဏလာရှောင်နေတာ။ပထမအဆင့်၊ဒုတိယအဆင့်ဆိုပြီးကျွန်တော်တို့ဆောင်ရွက်ထားပါတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က မြောက်ဦးရှေးဟောင်းနယ်မြေကို (UNESCO)ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် အပြီးသတ်အဆိုပြုလွှာမူချောကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
လာမယ့်၂၀၂၃ ခုနှစ် ဇွန်လအတွင်းမှာပြင်သစ်နိုင်ငံ၊ ပါရီမြို့က ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ယဥ်ကျေးမှုအဖွဲ့(UNESCO)ယူနက်စကိုကကျင်းပပြုလုပ်မယ့် အစည်းအဝေးမှာ မြောက်ဦးမြို့ကို ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်၊ မဝင်ကိုဆုံးဖြတ်ပေးသွားမယ်လို့ သိရပါတယ်။
မြောက်ဦးမြို့မှာ အိမ်ခြေစုစုပေါင်း ၆ ထောင်ကျော်ခန့်နီးပါးရှိပြီး (၁၀၀၀)ကျော်ခန့်လောက်ဟာ ကျူးကျော်နေအိမ်တွေဖြစ်တယ်လို့ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလူပ်ရှားသူတွေရဲ့ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ စစ်တွေမြို့ အာဂျိတ်တော်ကုန်း သင်္ချိုင်းမြေကကျူးကျော်နေအိမ် ၂၀၀ ကျော်နဲ့ စစ်တွေ-ရေချမ်းပြင် ရထားလမ်းဘေးတစ်လျှောက်က ကျူးကျော်နေအိမ်တွေကို ပြည်နယ်ကောင်စီက အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။