By Western News/ 2022 April 19
ရခိုင်ရှိ မြေပုံမြိုနယ်နှင့် ရမ်းဗြဲ၊ လေးတောင်မြို့ဘက်တို့တွင် မြန်မာစစ်တပ်မှ တပ်သားများ ယခုရက်ပိုင်းများတွင် နေရာယူ လှုပ်ရှားမှုတို့ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဧပြီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည့် မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာဘက်တွင် လက်ရှိချိန်ထိ မြန်မာစစ်တပ်မှ နေရာယူထားမှုရှိနေဆဲဖြစ်ကြောင်း ဒေသခံကားသမားတစ်ဦးက ပြောသည်။
“နှစ်ဖက်ထိပ်တိုက်တွေ့ပြီး ဘာမှတော့ထပ် မဖြစ်တော့ပါဘူး။ ပုံမှန်အတိုင်းတော့သွားလာနေကြပါတယ်။ ဝက်ခေါင်းရွာ အနောက်တောင်တန်းဘက်မှာတော့ မြန်မာစစ်တပ်က နေရာယူထားဆဲပါပဲ။ သူတို့က ကံသာရွာမှာလည်းရှိတယ်။ မြို့ထဲဖက်မှာလည်းရှိတယ်။ ဖြန့်ပြီးတော့ရှိနေတာပေါ့။ တစ်နေရာမှာ အင်အား ၃၀ ကျော် ၄၀ လောက်နေကြတယ် ပေါင်းလိုက်ရင်တော့ ၁၀၀ ကျော်လောက်ရှိမယ်ထင်ပါတယ်” ဟုပြောသည်။
မြေပုံမြို့နယ်ဘက်တွင် နှစ်ဖက်တပ်စွဲနေရာယူထားမှုများ ဆက်ရှိနေဆဲဖြစ်ပြီး မည်သည့်အကွာဝေးတွင်ရှိနေကြကြောင်းမသိရကြောင်း တိုက်ပွဲမှာမူဆက်ဖြစ်ပွားမှုမရှိဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။
မြန်မာစစ်တပ်မှ တပ်သားများမှာ လေးတောင်မြို့သရက်ချိုကျေးရွာနှင် ငါးပြီချောင်းကျေးရွာ၏ ဇရပ်တွင်လည်း နေရာယူလှုပ်ရှားမှုရှိနေပြီး ၎င်းဒေသဘက်တွင် ဝါးကျိန်ပြင်ဘုရားပွဲလည်းရှိနေရာ ဒေသခံများစိုးရိမ်မှုအနည်းငယ်ဖြစ်နေကြသည်ဟု လေးတောင်မြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
“သူတို့က မနေ့က စစ်ကား ၂ စီးနဲ့ရောက်နေကြတာပါ။ ဒီမှာ ဝါးကျိန်ပြင်ဘုရားပွဲက ဒီကနေ့အစပါ။ အခြေအနေတွေကတော့ပုံမှန်ပါပဲ။ ဒါပေမယ့် သူတို့ရောက်နေတော့ ဒေသတွင်းစိုးရိမ်မှုတွေနည်းနည်းရှိနေကြတာတော့ရှိတယ်” ဟုပြောသည်။
လေးတောင်ဘက်တွင် ယခုကျင်းပမည့် ဝါးကျိန်ပြင်ဘုရားပွဲမှာ ကျေးရွာ ၁၀ ကျော်ခန့်စုပေါင်း၍ နှစ်စဥ်ကျင်းပသည့်ပွဲတစ်ခုဖြစ်ပြီး အဆိုပါကျင်းပသည့် ပွဲရက်မှာ၂ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း လေးတောင်တစ်ဖက်တွင်ရှိသည့် ကျောက်ဖြူမြို့နယ် ဇင်ချောင်းဖက်တို့တွင် မြန်မာစစ်တပ်မှ ကားအစီးရေ ၄၀ ခန့်ဖြင့် လှုပ်ရှားသွားလာမှုတို့ရှိခဲ့အပေါ် ဒေသခံများ စိုးရိမ်မှုများရှိခဲ့သည်။
အဆိုပါ ကျေးရွာများဖက်တွင် မြန်မာစစ်တပ်ဖက်မှ လှုပ်ရှားသွားလာမှုတို့မှာ ရံဖန်ရံခါရှိနေတတ်မြဲဖြစ်ပြီး စာသင်ကျောင်းများ ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်မှုတို့ရှိကာ တစ်ခါတစ်ရံဒေသခံများအား စစ်ဆေးမေးမြန်းသည်များလည်းရှိတတ်ကြောင်း ကျေးရွာသားများကပြောသည်။
ထို့အပြင် ရက္ခိုင့်တပ်တော် AA ဖက်မှလည်း ရမ်းဗြဲ ကျောက်ဖြူဘက်တို့တွင် စစ်ကောင်စီဘက်မှ ULA ၏တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းတို့အား နှောင့်ယှက်မှုပြုလုပ်ခြင်း၊ နေရာဒေသအချို့တွင် လက်နက်၊ အင်အား၊ ရိက္ခာဖြည့်တင်းခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသည်ကို တွေ့မြင်နေရကာ နှစ်ဖက်ယုံကြည်မှုပျက်ပျားလျှင် စစ်ရေးအရဖြေရှင်းလာရနိုင်သည်ဟု ဧပြီလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား Western News မှ မေးမြန်းရန် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/505776451228864