By Narinjara / 2022 April 21
မြထွီးသျှင်
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေရှောင်စခန်းများရှိ အဆောင်များ၊ နေအိမ်များ ပြိုပျက်သွားခဲ့သဖြင့် မိုးရာသီမတိုင်ခင် ၎င်းနေအိမ်များကို အမြန်ဆုံးပြုပြင်ရန်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရှိ နေအိမ် ၁၀၀ ကျော်အနက် ၁၀ လုံးမှာ လုံးဝပြိုပျက်နေပြီး ကျန်နေအိမ်များမှာလည်း တစ်ပိုင်းတစ် ယိုင်လဲပြိုပျက်နေပြီဖြစ်သဖြင့် အမြန်ဆုံး ပြုပြင်ရန် လိုအပ်နေသည့် အထဲတွင်ပါဝင်ကြောင်း တောင်မင်းကုလား စစ်ဘေးရှောင် စခန်းမှ အမျိုးသမီးနှင့် ကလေးတာဝန်ခံ ဒေါ်မအေးခိုင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ပထမဆုံးနေအိမ်တွေ၊ အဆောင်တွေပြုပြင်ရဖို့ကအရေးကြီးနေပါတယ်။ အခုလိုမိုးတွေ၊ လေတွေသာ တိုက်မယ်ဆိုရင် အိမ်တွေက အရမ်းကို အခက်အခဲရှိနေပါတယ်။ အခုကမိုးနည်းနည်း ရွာရင် အကုန်လုံး မိုးတွေ ယိုပြီးတေ့ာ စိုကုန်တဲ့ အနေအထားမှာ ရောက်နေပါတယ်။ မနေ့ကဆိုရင် မသန်စွမ်းရှိတဲ့ အိမ်တွေက လူတွေဆို မိုးနဲ့လေနဲ့တိုက်ပေမဲ့ အိမ်ပေါ်ကနေ ဆင်းပြေးဖို့ အတွက်လည်း အဆင်မပြေကြဘူး” ဟုပြောသည်။
အဆိုပါတောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် မသန်စွမ်းဦးရေ ၁၇ ဦးရှိကာ သဘာဝဘေး အန္တရာယ်တစ်ခုခုနှင့်ကြုံလာပါကလည်း ဘေးလွတ်ရာကိုရှောင်ပြေးရန်အတွက် အခက်အခဲများ ရှိနေကြောင်း ဒေါ်မအေးခိုင်ကဆက်ပြောသည်။
ရခိုင်ရှိစစ်ဘေးရှောင်စခန်းများရှိ နေအိမ်များမှာ ဝါးနှင့် ဓနိအုန်းလက် အမိုးအကာများကို အသုံးပြု၍ ဆောက်လုပ်ထားသောနေအိမ်များဖြစ်သဖြင့် ရာသီဥတုဆိုးရွားသည့်ဒဏ်ကို ခံနိုင်ရည်မရှိသဖြင့် နေအိမ်များ ပျက်စီးမှုများ ပြားနေပြီး အမြန်ပြုပြုရန်လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။
စစ်ဘေးရှောင်အိမ်ထောင်စု ၇၇၃ စုနေထိုင်ကြသည့် မြောက်ဦးမြို့နယ်မှ တိမ်ညိုစစ်ဘေးရှောင်စခန်း တာဝန်ခံဦးဦးစိုးနိုင်က “အိမ်အမိုးအကာတွေ လုံခြုံဖို့အတွက် တာပေါ်လင်တွေကတော့ အေရးတကြီး အမြန်ဆုံး လိုအပ်နေတယ်ပေါ့နော်။ မိုးရာသီဆိုရင် ကျနော်တို့ကဝါးတဲတွေ ဖြစ်တဲ့ အတွက် တစ်နှစ်တစ်ကြိမ်တော့ပြုပြင်ဖို့လိုတယ်။ အမိုးအကာတွေကို ဖာထေးပြီး လုံလုံခြုံခြုံဖြစ်အောင်တော့ လုပ်ဖို့လိုအပ်တယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဂရုတစိုက်နဲ့ အမြန် ပြန်ပြင်ပေးဖို့ လိုနေပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်မှ မြို့အချို့တွင် ယမန်နေ့ ဧပြီလ ၂၀ ရက် တိုက်ခတ်သွားသည့် မိုးသက်လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းများရှိ နေအိမ်အများစုမှာ နေထိုင်လို့မရအောင်အထိ ပြိုပျက်စီးသွားမှုများလည်း ရှိခဲ့ပြီး လက်ရှိတွင် လူမှုအဖွဲ့အစည်းများက အပျက်အစီးစာရင်းကို ကောက်ခံနေကြောင်း သိရသည်။
ရခိုင်တွင် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခန့် ရှိပြီး အဓိက နေရပ် မပြန်နိုင်ကြသည့် အကြောင်းအရင်းများမှာ ၎င်းတို့၏နေရပ်တွင် သက်ဆိုင်ရာမှ မိုင်းရှင်းလင်း ပေးမှုများမှ ယခုအချိန်ထိမရှိသေးသဖြင့် အသက် အန္တရာယ်ကိုစိုးရိမ်၍ နေရပ်ပြန်နိုင်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
https://www.facebook.com/narinjara.info/posts/5395614660450567