By Development Media Group (DMG)/ 2022 April 05
ရခိုင်ပြည်အတွင်းရှိ မတူကွဲပြားသည့်လူမျိုးများကြားတွင် သဟဇာတဖြစ်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)မှ တစိုက်တမတ်ကြိုးပမ်းလုပ်ဆောင်နေမှုကို စစ်ကောင်စီမှ ကန့်ကွက်မှုများရှိနေကြာင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုကပြောသည်။
“အဲဒီလိုလုပ်ဆောင်နေတာကို စစ်ကောင်စီ(စကစ)ဘက်က ကျနော်တို့ကိုစာရေးပြီး ကန့်ကွက်တာတွေရှိတယ်။ အထူးသဖြင့် ဘူးသီးတောင်၊ ရသေ့တောင်ဘက်မှာ ကျနော်တို့ဘက်ကနေပြီးတော့ မွတ်ဆလင်ရွာတွေမှာ ဆေးကုသပေးတာတွေ၊ မွတ်ဆလင်ရွာတွေမှာ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံတာ၊ ဒေသခံမွတ်ဆလင်တွေနဲ့တွေ့ဆုံတာကို စစ်ကောင်စီ(စကစ)ဘက်က ကန့်ကွက်တာရှိတယ်”ဟု ၎င်းကပြောသည်။
စစ်ကောင်စီမှ ယင်းသို့ကန့်ကွက်မှုများလုပ်ဆောင်ခြင်းသည် စစ်ကောင်စီနှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကို ပျက်ပြားစေကြောင်း ဦးခိုင်သုကဆက်ပြောသည်။
“အာရက္ခဒေသတွင်းမှာရှိတဲ့ ပြည်သူတွေ သဟဇာတဖြစ်ရေးကို သူတို့ဘက်ကမလိုလားဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြနေတဲ့အချက်ဖြစ်တယ်လို့ ထောက်ပြခဲ့ပြီဖြစ်တယ်။ ဒီလိုသဟဇာတဖြစ်ရေးကိုဆန့်ကျင်တဲ့ အပြုအမူမျိုးက လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုစကစဘက်ကလုပ်ရပ်တွေဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကိုပျက်ပြားစေတဲ့အတွက် ကျနော်တို့ကတော့ ဒီဟာတွေကို ရှောင်ရှားစေချင်တယ်”ဟု ၎င်းကဆိုသည်။
ULA/AA မှ ရခိုင်နှင့်မွတ်ဆလင် နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်မြောက်ရေးအတွက် လုပ်ဆောင်နေခြင်းကို စစ်ကောင်စီမှကန့်ကွက်ခြင်းမှာ မဖြစ်သင့်ကြောင်း ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးကပြောသည်။
“အခုလက်ရှိ(ULA/AA)ဘက်က သွားနေတာက ကောင်းပါတယ်။ ကျနော်တို့လည်းကြားပါတယ်။ အမှန်တကယ်ဆိုရင် စစ်ကောင်စီက ဒီလိုကန့်ကွက်တာတွေမလုပ်သင့်ဘူး။ သူတို့ (ULA)လည်း အထိုက်အလျောက်လုပ်နေတာကို ပြဿနာဖြစ်အောင် လုပ်နေတာလို့မြင်တယ်”ဟု ၎င်းကပြောသည်။
ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှစတင်ပြီး ပြင်းထန်စွာဖြစ်ပွားခဲ့သည့် AA နှင့်စစ်တပ်တို့ကြား တိုက်ပွဲများသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် နှစ်ဖက်နားလည်မှုဖြင့်ရပ်တန့်ခဲ့သည်။ တိုက်ပွဲရပ်တန့်နေချိန်တွင် (ULA/AA)မှ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကိုဆောင်ရွက်လာသလို မတူကွဲပြားသည့်ရခိုင်နှင့်မွတ်ဆလင်တို့ကြား သဟဇာတဖြစ်မြောက်ရေးတို့ကို ပို၍လုပ်ဆောင်လာခဲ့သည်။
ရခိုင်နှင့် မွတ်ဆလင်နှစ်ဖက်အသိုင်းအဝိုင်းကြား သဟဇာတဖြစ်မြောက်ရေးအတွက် ချစ်ကြည်ရေးဘောလုံးပွဲများကို (ULA/AA)မှ ဦးဆောင်ကျင်းပပေးမှုများ ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များကို (ULA/AA)၏ အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းတို့တွင်ပါဝင်လာရန် စီစဉ်ထားကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခမီဒီယာနှင့် အင်တာဗျုးအစီအစဉ်တွင် ပြောကြားထားသည်။
https://www.facebook.com/dmgnewsagency/posts/2262771993875199