By Development Media Group (DMG)/ 2022 April 15
မင်းပြားမြို့နယ်တွင် လူ ၁၅ ဦးတင်ဆောင်လာသည့် စက်လှေတစ်စီးသည် ယနေ့(ဧပြီလ ၁၅ ရက်)ညနေ ၄ နာရီခန့်က စွန်ရဲမြစ်တွင်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
၄င်းတို့သည် မင်းပြားမြို့နယ်၊ ကြိုင်းရှီရွာမှ လည်ပတ်၍ ပြန်လာစဉ် စွန်ရဲမြစ်တွင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့နစ်မြုပ်မှုကြောင့် ၁၁ ဦးကို အသက်ရှင်လျက်ပြန်လည်ရှာတွေ့ခဲ့ကာ တစ်ဦးကိုမူ သေဆုံးလျက်ရှာဖွေတွေ့ခဲ့ပြီး သုံးဦးမှာ ပျောက်ဆုံးနေဆဲဟု ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ သိရသည်။
“သူတို့ကတော့ စွန်ရဲနားတစ်ဖက်ကမ်းက ကြိုင်းရှီ ဆိုတဲ့ကျေးရွာကို သင်္ကြန်ကျဖို့သွားတာ။အဲဒီကအပြန် စက်လှေတစ်စီးနဲ့ လူ ၁၅ ယောက် စွန်ရဲမြစ်ကိုကူးတယ်။အဲဒါမှာမြုပ်သွားတာ၊ လိုင်းကတော့နည်းနည်းထတယ်။ဒါပေမဲ့ မောင်းတဲ့သူ သိပ်မကျွမ်းဘူးထင်တယ်”ဟု ယင်းအသင်းမှ ကိုကျော်ကျော်ခိုင်က ပြောသည်။
အသက်ရှင်လျက်ပြန်ရှာတွေ့သူများအနက် အသက် ၂၀ ခန့် အမျိုးသမီးတစ်ဦးမှာ သတိမရသေး၍ ဆေးရုံတင်ထားရကြောင်း ၄င်းကဆက်ပြောသည်။
လက်ရှိတွင် စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူသုံးဦးအား စွန်ရဲ ဒေသခံများနှင့် ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ ဆက်လက်ရှာဖွေရေးများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်လှေပေါ်မှလိုက်ပါလာသူ ၁၅ ဦးအနက် ၁၀ ဦးမှာ ပေါက်တောမြို့မှဖြစ်ပြီး ကျန် ၅ ဦးမှာ စွန်ရဲကျေးရွာမှဖြစ်သည်ဟု သိရသည်။
https://www.facebook.com/dmgnewsagency/posts/2270597929759272