By Boder News Agency (BNA) / 2022 April 07
ရခိုင်ပြည်ထဲက တရားစီရင်ရေး
မြန်မာနိုင်ငံရှိ လူမျိုးကိုယ်စားပြုလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတိုင်းတွင် သူတို့ကိုယ်စားပြုသည့်လူမျိုးနှင့် ဒေသ၏လိုလားချက်များကို ကိုယ် စားပြုတောင်းဆိုခွင့်ပိုမိုရရှိနိုင်မည့် နည်းလမ်းများအဖြစ် သက်ဆိုင်ရာနယ်မြေနှင့် လူထုကိုထိန်းချုပ်ရန် အဓိကကြိုးစားကြသည်။
ထိုသို့ လူထုကိုထိန်းချုပ်ပြီး အုပ်ချုပ်စီမံရာမှာ ရဲလုပ်ငန်းနှင့် တရားစီရင်ရေးမှာ အဓိကအရေးပါနေသည်။
ထိုအပြင် ဒေသ၊လူထုနှင့် သင့်တော်မည့်ဥပဒေပြ ဌာန်းခြင်းနှင့် တရားဝင်တရားစီရင်ရေး ဖွဲ့စည်းပုံများလည်းလိုအပ်သည်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)၊ကချင်လွတ် မြောက်ရေးတပ်(KIA)/ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ”ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)/”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို
လုပ်ဆောင်နေကြသည်။
ထိုအတူ ရက္ခိုင့်တပ်တော်(အေအေ)၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှာလည်း သီးခြားတရားစီရင်ရေးစနစ်ကို အကောင်အ ထည်ဖော်လုပ်ဆောင်နေသည်။
ယင်းတရားရုံးများကို တပ်မဟာအလိုက် တိုက်နယ်တရားရုံး၊မြို့နယ်တရားရုံး၊ဗဟိုတရားရုံး၊တရားရုံး ချုပ်(ဌာန ချုပ်)စသည်ဖြင့် ကိုယ်ပိုင်တရားရုံးများဖြင့် လုပ်ဆောင်နေကြောင့် သိရသည်။
ရက္ခိုင့်တပ်တော်(အေအေ) တပ်မှူးချုပ်၏ (၁၂) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့သဝဏ်လွှာမှာ ”ခုအချိန်မှာဆိုရင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကိစ္စတွေ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပြည်သူလုံခြုံရေးအပါအဝင် အခြားသောပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေနဲ့ တိုင်းပြည်တည်ဆောက်ရေး(Nation Building)၊အစိုးရယန္တရား အခြေခံဖော်ဆောင်ရေး(State Building)တွေနဲ့ အစိုးရယန္တရားတွေကို အထောက်အကူပြု မောင်းနှင်းလည်ပတ်ရေးအတွက်ပါ တစတစနဲ့စတင် အကောင်အထည်ဖော်လုပ်ဆောင်နေကြပြီဖြစ်တယ်။” ဟု ပြောဆိုထားသ ည်။
ရခိုင်တွင် ULA/AAက ဖွဲ့စည်းထားသည့် ပြည်သူ့အာဏာပိုင်အဖွဲ့သည် ရခိုင့်တပ်တော်ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊တရားစီရင်ရေး တာဝန်များကို ၂၀၂၀ ခုနှစ်မှစကာ ရယူလာခဲ့သည်။
၂၀၂၁ ခုနှစ်၊သြဂုတ် ၁ ရက်နေ့သို့ အရောက်တွင် ရခိုင်ပြည်အတွင်း မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများနှင့် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မူခင်းများအားလုံးကို တိုင်ကြားနိုင်ကြော င်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က တရားဝင်ထုတ်ပြန်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် အမှုအခင်းများကို ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီသြဇာခံရဲစခန်းများသို့ တိုင် ကြားသူမရှိသလောက်နည်းပါးလာခဲ့ပြီး မြို့နယ်အများစုရှိ စစ်ကောင်စီတရားရုံးများသို့ အမှုရောက်ရှိမှု သိသားစွာကျဆင်းသွားပြီဟုလည်း ရှေ့ နေများနှင့် ဒေသခံများက ဆိုသည်။
ယခင်က ကျေးလက်ဒေသမှ အမှုအခင်းများသည် တရားရုံးစိုက်ရာမြို့ပေါ်သို့ ဦးတည်ခဲ့သော်လည်း လက်ရှိတွင် ကျေးလက်ဒေသမှ အမှုအခင်းများသာမကတော့ပဲ မြို့ပေါ်မှ အမှုအခင်းများပင်ကျေးလက် ဒေသတွင် အခြေစိုက်သည့် ULA /AA တရားရုံးများသို့ ရော က်ရှိသွားပြီဟု ဆိုကြသည်။
“အစဉ်အဆက်ရှိခဲ့တဲ့ ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ ဌာနတွေဟာ ပြည်သူနဲ့တသားတည်းကျတယ်ဆိုတဲ့ လက္ခဏာမရှိခဲ့ဘူး။အစိုးရဌာနဆိုင်ရာရုံးတွေကိုကျတော့ မရှောင်မလွဲနိုင်တဲ့ကိစ္စကြောင့်သာသွားခဲ့ရတာ။ခုတရားစီရင်ရေးကို ပြည်သူတွေက ယုံကြည်ချစ်ခင်အားပေးတဲ့ အဖွဲ့အစည်းတစ်ခုက တာဝန်ယူလုပ်ကိုင်လာတဲ့အခါ ပိုပြီးယုံကြည်အားကိုးစိတ်နဲ့ သွားကြတာဖြစ်မယ်။” ဟု ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဘယ်ဥပဒေများကို အသုံးပြုသလဲ
လက်ရှိ ULA /AAက ရခိုင်တွင် ကျင့်သုံးနေသည့်ဥပေဒများသည် British Common lawကို အသုံးပြုထားပြီး စစ်အာ ဏာရှင်ခေတ်ကဥပဒေကို ကိုးကားခြင်းမရှိကြောင်းလည်း သိရသည်။
သို့ရာတွင် မူဝါဒစနစ်တကျရေးဆွဲရန်နှင့် ဥပဒေပြဌါန်းရန်လိုအပ်နေသေးကြောင်း၊တရားရုံးတစ်ခု၏ ဆုံးဖြတ်ချက်သည် မမျှတဟုယူဆလျင်လည်း တရားရုံးအဆင့်ဆင့် အယူခံနိုင်ကြောင်း၊ အရှိတရားကိုလည်း အပြုသဘောနှင့် ဝေဖန်ထောက်ပြရန် လိုအပ်ကြော င်းလည်း ULA/AAဖက်က ပြောဆိုထား သည်။
”အရင်ဗြိတိန်လက်ထက်ကသုံးခဲ့တဲ့ ဥပေဒေတွေထဲက ကျွန်တော်တို့ သုံးသင့်သုံးထိုက်တဲ့ ဥပေဒေတွေကို ပြန်ယူပြီး သုံးနေကြတာဖြစ်ပါတယ်။နောက်ပြီးတော့ ကျွန်တော်တို့မှာချထားတဲ့ အခုလက်ရှိ Rule and Regulation (လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်း) အပေါ်မှာအခြေခံပြီး ကျွန်တော်တို့ ကျင့်သုံးနေတာဖြစ်ပါတယ်။” ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော်(ULA/AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီ ၅ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ထိုအပြင် မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများထဲက သင့်တော်သောဥပဒေတချို့ကိုလည်း ထည့်သွင်းကျင့် သုံးနေကြောင်း ဆိုသည်။
”ဒီမြန်မာနိုင်ငံထဲမှာ ကျင့်သုံးနေတဲ့ ရာဇဝတ်ကျင့် ထုံးဥပေဒေတွေ။နောက်ပြီး တခြားတည်ဆဲဥပဒေတွေအားလုံးကို ကျွန်တော်တို့က ဖျက်လိုက်တာတော့ မဟုတ်ပါဘူး။ လောလောဆယ်ကျွန်တော်တို့ အဲဒီဥပေဒေတွေကိုကိုင်ပြီး ဆက်လက်ပြီး သင့် တော်တာတွေကိုယူပြီး ကျင့်သုံးနေတာဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။
ယခင်က အမှုသည်များနှင့်နေ့စဉ်စည်းကားစွာမြင်တွေ့ခဲ့ရသည့် မြို့ပေါ် တရားရုံးများတွင် ULA တရားရုံးများ ဖွင့်လှစ်ပြီးနောက် လူအဝင်အထွက်နည်းပါးလာသည်ကို မြင်တွေ့လာရသည်။
ပြည်သူများသည် လျင်မြန်တိကျမျှတသည်ဟု ယုံ ကြည်သည့် ULA/AA တရားရုံးများတွင် အမှုအခင်းများကို တိုင်ကြား၊ဆုံးဖြတ်ချက်ခံယူလာနေကြသည်။
ရခိုင်ပြည်ထဲရှိ ရသေ့တောင်၊မြောက်ဦး၊မင်းပြားမြို့နယ်များတွင် စစ်ကောင်စီတရားရုံးသို့ အမှုရော က်ရှိမှု ကျဆင်းသွားသည်မှာ တစ်နှစ်ကျော်ခန့်ရှိနေပြီ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ ပေါက်တောမြို့ပေါ်မှ အမှုများပင်လျင် ULA/AA တရားစီရင်ရေးဌာနများသို့ သွားနေပြီဖြစ်ကြောင်း ရှေ့နေများနှင့် ဒေသခံများက ပြောဆိုကြသည်။
ထို့အပြင် စစ်ကောင်စီရုံးစစ်ရာ စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ချို့တွင် ဖြစ်ပေါ်သည့် မှုခင်းတစ်ချို့သည်ပင် စစ်ကောင်စီ တရားရုံးများသို့ မရောက်ရှိတော့ကြောင်း သိရသည်။
”ULA/AA ဘက်ကလည်း တရားစီရင်ရာမှာ တိတိ ကျကျလုပ်လာတာကို မြင်လာကြားလာရပါတယ်။ ဒါကြောင့် အမှုတစ်ခုဖြစ်ပြီဆိုရင် အရင်ကရှိခဲ့တဲ့ ရုံးတွေဆီသွားပြီးတိုင်တယ်။ အမှုဖွင့်တယ် တရားစီရင်မှု ခံယူတယ်ဆိုတဲ့ အပိုင်းမှာ အားနည်းသွားပြီး ခုဆိုရင်မြို့ပေါ်က အမှုအခင်းတွေတောင် နယ်ကျေး လက်မှာရှိတဲ့ ULA/AA တရားရုံး တွေဆီ သွားနေကြပါတယ်။ နယ်ဘက်ကဆိုရင် မြို့ပေါ်ကိုလာပြီး တရားရင်ဆိုင်တာနည်းသွားပါပြီ။”ဟု ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။
ငွေချေးငှားမှုနှင့် ပတ်သက်၍ အငြင်းပွားမှုကို သက်ဆိုင်ရာရဲစခန်း၊တရားရုံးတွင် စွဲဆိုထားသော် လည်း နှစ်နှင့်ချီကာ မပြီးပြတ်သော အမှုကိစ္စကို ULA/AA က တစ်လအတွင်း ဆုံးဖြတ်ပေးပြီး တရားမျှတမှုရရှိခဲ့ကြောင်းကို စစ်တွေမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
“ငွေချေးထားတာက လွန်ခဲ့တဲ့သုံးနှစ်လောက်ကပါ။ ငွေကို ပြန်မဆပ်လို့ ရဲ စခန်းကိုလည်း တိုင်တယ်။ တရားရုံးကိုလည်းရောက်တယ်။ ဒါပေမယ့် ငွေပေးဖို့အတွက် အချိန်ဆွဲနေလို့ ဘာမှလုပ်မရခဲ့ဘူး။ ဒါကြောင့် ရသေ့တောင်ထိသွားပြီး ULA ကိုတိုင်လိုက်တယ်။ တစ်လအတွင်းမှာပဲ ဆုံးဖြတ်ချက်ချပေးတယ်။”ဟု ULA တရားရုံးတွင် အမှုရင်ဆိုင်ခဲ့သူတစ်ဦးက ဆိုသည်။
ရက္ခိုင့်တပ်တော် သြဇာကြီးထွားလာသည်နှင့်အမျှ ပြည်သူလူထု၏ အမှုအခင်းများ၊ အငြင်းပွားမှုများကို တာဝန်ယူဖြေရှင်းပေးလာရသည်။
စစ်ကောင်စီ၏ ဌာနဆိုင်ရာများ၊ရဲတပ်ဖွဲ့များ၊ တရား ရုံးများနှင့် ပတ်သက်လိုသည့် ဆန္ဒမရှိသောပြည်သူများသည် အမှုအခင်းကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန် ၎င်းတို့ကိုယ်တိုင် ULA/AA၏ ရပ်ရွာခေါင်းဆောင်းများ၊ နိုင်ငံရေးမှူး များကို တိုင်ကြားလာခဲ့ရာမှ စတင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ နိုင်ငံရေးမှူးများသည် တရားရေးကိုလေ့ ကျင့်ထားသူများ၊ အုပ်ချုပ်ရေးအတွေ့အကြုံရှိသူများ မဟုတ်ကြပေ။သို့အတွက် တရားစီရင်ရေးသည်လည်း ရပ်ရွာကလူကြီးများ၏ သဘောထားရယူကာ မျှတမှုတစ်ခုကို ထိန်း ကျောင်းပေးသည့် အဆင့်ဖြစ်ခဲ့သည်ဟု ၂၀၂၁ ခု၊သြဂုတ် ၁၅ ရက်နေ့က အာရက္ခမီဒီယာနှင့်အင်တာဗျုးအစီအစဉ်တွင် AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဝန်ခံပြောဆိုထားသည်။
“အရပ်ဖက်တွေမှာ နိုင်ငံရေးမှူးတွေဆိုပြီးတော့ရှိပါတယ်။ အဲဒါကတော့ULA/AA ရဲ့ နိုင်ငံရေးပါတီလိုင်းထဲက စည်း ရုံးရေးခေါင်းဆောင်နဲ့ ပြည်သူ့ဆက်ဆံရေးခေါင်းဆောင်တွေဖြစ်ပါတယ်။ခုအချိန်မှာ တိုက်ရင်းတိုက်ရင်းနဲ့ထိန်း ချုပ်နယ်မြေတွေ၊ သြဇာလွမ်းမိုးတဲ့ နယ်မြေတွေ ရှိလာတဲ့အခါမှာ အစပိုင်းမှာတော့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းလုံးရေး တာဝန်လုပ်နေသူတွေက ဖြည်းဖြည်းချင်း တရားရေးဆိုင် ရာ တာဝန်နဲ့အုပ်ချုပ်ရေးဆိုင်ရာ တာဝန်တွေ သူတို့လက်ထဲ ရောက်လာပါတယ်။”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
သို့ရာတွင် ၂၀၂၀ နှစ်ကုန်ပိုင်းမှ စတင်ကာ ဘက်မလိုက်သည့် တရားစီရင်မှု၊အဂတိမှုကင်းရှင်းသည့် တရားစီရင်မှု တစ်ခုဖြစ်အောင် တရားရေးနှင့်ပတ်သက်ပြီး တတ်သိကျွမ်းကျင်သူများကိုခေါ်၍ လုပ်ဆောင်နေကြောင်း သိရသည်။
ဘယ်လိုတရားစီရင်မှုတွေရှိလဲ
လက်ရှိ ULA/AA တွင် တရားရုံး၊ တရားရေးဌာနဖွဲ့စည်းပုံရှိနေပြီဖြစ်ပြီး ကျေး ရွာအဆင့်၊တိုက်နယ်အဆင့်၊ မြို့နယ်အဆင့်၊တရားစီရင်ပိုင်ခွင့်နယ်ပယ်များ၊ စီရင်ပိုင်ခွင့်အာဏာများကို သတ်မှတ်ထားပြီး တရားရုံးတစ်ခုကဆုံးဖြတ် ချက်ကို မမျှတဟုယူဆလျင် တခြားတရားရုံးသို့တက်ပြီး အယူခံနိုင်ကြော င်းလည်း သိရသည်။
ထို့အပြင် ဥပဒေအတိုင်ပင်ခံအရာရှိများ ခန့်ထားပြီး တရားသူကြီးချုပ်၊ ဗဟိုတရားရုံးအထိရှိကြောင်းနှင့် ရပ်ကျေးအဆင့် တရားရုံးတွင် ဥပဒေနှင့် ပတ်သက်ပြီး သင်တန်းပေးထားသော အုပ်ချုပ်ရေးမှူးများက ဆုံးဖြတ် ပေးကြောင်း သိရသည်။
”ပြောရရင် ရဲတို့တရားရုံးတို့မှာက အချိန်ကြာတယ်။ ငွေကုန်ကြေးကျများတယ်။ ULA မှာကျတော့ ဘာမှအတား အဆီးမရှိဘူး။ ရှောင်နေတဲ့သူလည်း ULAကခေါ်လိုက်တာနဲ့ ချက်ချင်းကိုလာပြီး စစ်ဆေးခံတ ယ်။ဆုံးဖြတ်တာကိုလည်း ကျေနပ်စွာလက်ခံကြတယ်။ ငွေလည်းမပေးရဘူး။”ဟု ULA တွင် တိုင်ကြားခဲ့သူ ကပြောသည်။
ထိုတရားစီရင်ရေးစနစ်မှာ လက်ရှိတည်ဆဲဥပဒေတချို့ကို အသုံးပြုနေသော်လည်း နှစ်ဦးနှစ်ဖက်ညှိုနှိုင်းမှု၊ တာဝန် ယူမှုဖြင့် ဒေသနှင့်လူထုကိုအကျိုးပြုစေသည့် စနစ်များကို အသုံးပြုနေကြောင့် ဆိုသည်။
ULA/AA ၏ တရားစီရင်ရေးကို တရားသူကြီးချုပ်၊ တရားသူကြီး၊ ရှေ့နေ၊ ဥပဒေဘွဲ့ရများနှင့် လည်ပတ် လုပ်ဆောင်နေပြီး ဖွဲ့စည်းပုံအသေးစိတ်နှင့် သီးခြားဥပဒေပြဌာန်းထားခြင်းများ မရှိသေးကြောင့်လည်း ဆိုသည်။
”ရခိုင်မှာက သောက်စားမူးယစ်ကြတာတွေများပါတယ်။ စကားများရန်ဖြစ်တာတွေကအစ ဖြေရှင်းပေးနေရပါတယ်။”ဟု ULA တွင်တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးတစ်ဦးက ဆိုသည်။
ရခိုင်တွင် ၂၀၂၁ ခုနှစ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)တရားရေးဌာနသို့ တိုင်ကြားလာသည့် အမှုပေါင်း ၃၈၃၈ မှုနှင့် ၂၀၂၂ ခုနှစ် သုံးလတာကာလအတွင်း ၁၈၄၅ မှုနှင့် စုစုပေါင်းအမှုပေါင်း ၅၆၈၃ ရှိကြောင်း ဧပြီလ ၅ရက်နေ့ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ပြောကြားခဲ့သည်။
ထိုအထဲမှ ၂၀၂၁ ခုနှစ်အတွင်း အမှုပေါင်း ၁၉၀၀ နှင့် ၂၀၂၂ ခုနှစ်၊ သုံးလတာကာလအတွင်း ၁၀၂၆ မှု၊ စုစုပေါင်း ၂၉၂၆ မှုဖြေရှင်းနိုင်ခဲ့ပြီး နောက်ထပ်ဖြေရှင်းရန်အမှုပေါင်း ၂၇၅၇ ကျန်ရှိသေးကြောင်း ဆိုသည်။
”ရွာမှာ အမျိုးသမီးနှစ်ယောက် စကားများတာတွေကအစလာတိုင်တော့ တ ချို့အရေးကြီးတာတွေကို ဆောင်ရွက်ဖြေရှင်းဖို့ကြန့်ကြာသွားတာပေါ့။ နောက်ပြီး ကျွန်တော်တို့ကိုယ်တိုင်က အရည်အချင်းလိုအပ်ချက်တွေရှိနေပါတယ်။” ဟု တပ်မဟာ (၂) နယ်မြေရှိ တရားရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
ရက္ခိုင့်တပ်တော်(AA)တွင် တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ချင်းပြည်၊ ပလက်ဝအပါအဝင် ရခိုင်ပြည်တစ်ခုလုံးတွင် တပ် မဟာ ၉ ခုဖြင့်ဖွဲ့စည်းထားပြီး ထိုတပ်မဟာတစ်ခုချင်းစီတွင် နယ်မြေ၊ မြို့နယ်၊ တိုက်နယ်စသည်ဖြင့် တရားရုံးအသီးသီးတွင် တရားစီရင်ရေးများကို ဆောင်ရွက်နေကြောင်း သိရသည်။
တရားစီရင်ရေးအတွက် အာမခံချက်
ULA/AA ၏ တရားစီရင်မှုကို ၉၈ ရာ ခိုင်နှုန်းအထိ အာမခံထားပြီး ငွေကြေးနှင့် အဂတိလိုက်စားမှုရှိလျင်လည်း အ ချက်အလက်နှင့် ခိုင်ခိုင်လုံလုံထော က်ပြဖို့ ဖိတ်ခေါ်ထားသည်။
တိုင်စာတွင် ကျူးလွန်ခံရသူဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ၊ မျက်မြင် သက်သေတစ်ဦးဦးမှဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားသူ၏အမည်၊မှတ်ပုံ တင်အမှတ်၊နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်များကိုပါ ဖော်ပြရမည်ဖြစ်ပြီး မှုခင်းဖြစ်ပွားသည့် နေရာ၊ အချိန်၊နေ့ရက်နှင့် မှုခင်းဖြစ်ပွားပုံများကို ပြည့်စုံစွာဖော်ပြရမည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်။
တိုင်ကြားသူများ၏ ကိုယ်ရေးအချက် အလက်များကို တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊အရေးယူဆောင် ရွက်မှု ပြီးမြောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်မျှမသိအောင် ထိန်းသိမ်းကာကွယ် ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသ ည်။
ထိုအပြင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ အောက် ခြေဝန်ထမ်းတချို့ အာဏာအလွဲသုံးစားလုပ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုင်းပြည်နှင့်လူ့အဖွဲ့အစည်း အနာဂတ်အ တွက် ထူထောင်ရေးလုပ်နေချိန်တွင် လုံးဝလက်ခံလို့မရဘဲ ကာကွယ်တားဆီးသွားမည်ဟု ပြောသည်။
“အာဏာအလွဲသုံးစားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအနာဂ တ်အတွက် ထူထောင်ရေးလုပ်နေချိန်မှာ လုံးဝလက် ခံလို့မရတဲ့ ကင်ဆာရောဂါလိုသတ်မှတ်ပြီးတော့ ကာကွယ်တားဆီး ရမှာဖြစ်ပါတယ်”ဟု ခိုင်သုခက ပြောသည်။
သို့သော်လည်း လက်ရှိရခိုင်တွင် ULA/AA၏ အော က်ခြေဝန်ထမ်းတချို့ အာဏာအလွဲသုံးစားလုပ်ကာ အနှိုင်ကျင့်မှု၊ တရားစီရင်ရေးပိုင်းတွင် အကျင့်ပျက်ခြစားကာ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေကြသည်။
ထိုသူများကို စီစစ်ဖော်ထုတ်အပြစ်ပေး အရေးယူမှုများရှိနေသည်ဟု ULA/AAဖက်က တရားဝင်ထုတ် ဖော် ပြောဆိုသော်လည်း အရေးယူခံထားရသူအရေအတွံက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
“အရေးယူမှုအပိုင်းမှာကတော့ စစ်တပ်ဘက်က လူတွေကိုတော့ စစ်ဥပဒေအရအရေးယူတာရှိသလို အုပ်ချုပ်ရေး ပိုင်းကလူတွေကိုကျတော့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ချမှတ်ထားတဲ့စည်းမျဉ်း၊ စည်းကမ်းတွေအရ အရေးယူတာရှိပါတယ်”ဟု ခိုင်သုခက ပြောသည်။
ULA/AA သည် တရားစီရင်ရာတွင် အဂတိကင်းအောင်နှင့် မျှတသည့် တရားစီရင်မှုဖြစ်အောင်အတွက် တရားရေးဌာနကို လစာပေးမည်ဖြစ်ပြီး ULA/AA မှခန့်ထားသည့် တရားသူကြီးများသည် ပြဌာန်းထားသည့် ကျင့်ဝတ်ကို လိုက်နာရမည်ဖြစ်ကာ အမှုသည်များနှင့် တရားစီရင်ရေးကိစ္စမဟုတ်ဘဲ အပြင်တွင် တွေ့ဆုံခွင့်မရှိသကဲ့သို့ ကြားပွဲစားများဖြင့် ဆောင်ရွက်လျင်လည်း အရေးယူခံရမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
အာဏာအားပြိုင်မှုကြားက တရားစီရင်ရေး
ရခိုင်တွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကစတင်ကာ ရက္ခိုင့်တပ်တော်နှင့်မြန် မာစစ်တပ်တို့ကြား တိုက်ပွဲများရပ်တန့် နေခဲ့သော်လည်း နိုင်ငံရေးအရအားပြိုင်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
ပြည်သူ့အစိုးရကို စစ်တပ်ကအာဏာ သိမ်းလိုက်ပြီးနောက်ပိုင်း ရခိုင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများမရှိသလောက်နည်းပါးနေခဲ့သော် လည်း အာဏာသိမ်းစစ်တပ်ဖက်မှ ULA/AA လှုပ်ရှားမှုများကို ပိုမိုကန့်သတ်မှုများ ပြုလုပ်လာခဲ့သည်။
ရခိုင်တစ်ပြည်လုံးကို သြဇာလွှမ်းမိုးရန် ကြိုးစားနေသည့် ရက္ခိုင့်တပ်တော်(AA) ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး သတင်းပေးပို့ကြရန် ၂၀၂၁ ခု၊သြဂုတ် ၂၃ ရက်တွင်ကျောက်ဖြူ မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူသတိပေးခဲ့သည်။
ယင်းနောက် ကျောက်တော်၊ဘူးသီးတောင်၊ပေါက်တောမြို့နယ်များတွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး၊ တရားရေးဌာနတွေမှာ စစ်ကောင်စီဘက်က အနှောင့်အယှက်ပေးနေတာတွေ ရှိလာပါတယ်။” ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ည/ရက္ခိုင့်တပ်တော်၏ ဧပြီလငါးရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသည်။
သို့ရာတွင် အမှုကိစ္စများကို ULA/ AA သို့ အားကိုး တကြီးတိုင်တန်းနေမှုများ ဆက်လက်ရှိနေခဲ့ပြီး စစ်ကောင်စီ ဖက်ကလည်း ပိုမိုအင်အားတိုး လှုပ်ရှားလာနေကြောင်း ဆိုသည်။
”တရားရေးကဏ္ဍမှာဆိုရင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တွေမှာရှိတဲ့ နယ်မြေတရားရုံးနားတွေမှာ စစ်ကောင်စီက ဝင်ရောက်ရှာဖွေ စစ် ဆေးတာတွေ၊ တရားရုံးစိုက်ထားတဲ့ နေရာအနီးနားတွေမှာ စစ်ကြောင်း လှုပ်ရှားမှုတွေလုပ်လာသလို ULA တရားရေးဌာနမှာ အမှုတိုင်ထားတဲ့အမှုသည်တွေကိုခေါ်ပြီး သူတို့တရားရုံး တွေမှာသာ တိုင်ရမယ်။ ULA တရားရုံးတွေမှာတိုင်ရင် ဥပဒေအရအရေးယူမယ်ဆိုပြီးတော့ ပြည်သူတွေ အပေါ် ခြိမ်းခြောက်တာတွေ ရှိနေပါတယ်” ဟု ခိုင်သုခက ဆိုသည်။
ရခိုင်တွင်တိုက်ပွဲများ ရပ်တန့်နေသော်လည်း အာ ဏာသိမ်းစစ်ကောင်စီဖက်မှ လက်နက်ရိက္ခာ အပါ အဝင် အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး ULA တရားစီရင်ရေးကို ဝင်ရောက်ဖျက်ဆီးရန် ပြင်ဆင်နေသည်ဟု စောင့်ကြည့်လေ့လာသူတချို့က သုံးသပ်ကြသည်။
‘’တရားစီရင်ရေးဆိုတာ နိုင်ငံတစ်နိုင်ငံတည်းမှာ တ ည်ဆဲဥပဒေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားရမှာဖြစ်တယ်။ တစ်နေရာမှာတစ်မျိုး နောက်တစ်နေရာမှာတစ်မျိုးလုပ်နေရင် တရားဥပဒေစိုးမိုးရေးတည် ငြိမ်အေးချမ်းရေးက ထိခိုက် လာမှာပဲ။ တရား ဝင်ရှိနေတဲ့အဖွဲ့အစည်းမှာ တရားဝင်ရှိနေတဲ့တရားစီရင်ရေးတွေ အုပ်ချုပ်ရေးစနစ်တွေ အားနည်းချက်တွေရှိရင် ထောက်ပြဝေဖန်လို့ရတယ်။ ဒီလမ်းကြောင်းတွေ အတိုင်းလုပ်တာ ငြိမ်းချမ်းရေးအတွက် ရေရှည်အကျိုးရှိနိုင်မယ်။’’ ဟု စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောဆိုထားသည်။
အဖွဲ့အစည်းတိုင်းအတွက် လိုအပ်နေသော ခေတ်ပညာတတ်လူငယ်များ
ရခိုင်ပြည်၏ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များတွင် လူ့စွမ်းအားအရင်း အမြစ်မပြည့်စုံမှုများကြောင့် လိုအပ်ချက်များရှိနေသည်ဟု ဆိုသည်။
ထိုကြောင့် ပညာတတ်လူငယ်များအနေဖြင့် လူမှုကွန်ရက်များတွင် ဝေဖန်နေမှုထက် မိမိတတ်နိုင်သည့်နေရာမှ အုပ် ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များတွင် ပါဝင်ကူညီရန် ULA/AA ဖိတ်ခေါ်ထားသည်။
“လူငယ်တွေကို လိုအပ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာသင်တန်းတွေ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ကျနော်တို့ပေးနေတာတွေရှိတယ်။ အဲလိုနေရာတွေမှာ လျှော က်ထားကြတဲ့သူတွေများတဲ့ တချို့နေရာတွေမှာ စနစ်တကျ စီစစ်ရွေးချယ်ပြီးမှ လက်ခံရတာတွေရှိတယ်။” ဟု ခိုင်သုခက ဆိုသည်။
ထိုသို့ ခေတ်ပညာတတတ်လူငယ်များကို ဖိတ်ခေါ်ထားသော်လည်း လိုအပ်သည့်အရေအတွက်၊အားရကျေနပ်လောက်သည်အတိုင်းအတာပမာဏမရရှိသေးပေ။
”သို့သော်လည်း တဖက်မှာ ပညာတတ်လူငယ်တွေ၊ လူလတ်ပိုင်းတွေအနေနဲ့ ပါဝင်မှုကတော့ ကျနော်တို့အားရ လောက်တဲ့ အနေအထားအထိ မရောက်လာသေးဘူး။”ဟု ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ခိုင်သုခက ဆိုသည်။
လက်ရှိတွင် ULA/AA ၏ တရားရေးဌာနသို့ တိုင် ကြားလာသည့်အမှုများမှာ ပိုမိုများပြားလာသည့် အတွက် တရားရုံးများကိုလည်း တိုးချဲ့ရန်ရှိပြီး တရားရေးစီရင်မှုပိုင်းနှင့်ပတ်သက်၍ တရားမျှတမှုရှိစေရန် ကြိုးစားလုပ်ဆောင်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အရက္ခတိုင်းပြည် ၏ ယန္တရားများတွင် ကိုယ်တိုင်ကိုယ်ကျအချိန်ပြည့်တာဝန်ယူ၊တာဝန်ထမ်းဆောင်ပေးနိုင်ရေးအတွက် အသိပညာရှင်၊အတတ်ပညာရှင်များ လိုအပ်နေသဖြင့် လာရောက် တာဝန်ထမ်းဆောင်ကြရန် ရက္ခိုင့်တပ်တော် (AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းခဲ့ဖူး သည်။
၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၃ ရက်နေ့ ညအချိန်က စစ်တွေမြို့ပေါ် လူစည်ကားရာနေရာများတွင် လမ်း မပေါ်၌ တရားရေးမဏ္ဍိုင်ပျက်ပြားနေသည်၊ ဖမ်း ဆီးခံကျောင်းသားများချက်ချင်းလွှတ်၊အပြစ်မဲ့ပြည်သူများကို ချက်ချင်းလွှတ် ဆိုသည့် စာတမ်းများကို ဆေးမှုတ်ရေးသားခဲ့ကြသည်။
ထိုလှုပ်ရှားမှုကလည်း အာဏာသိမ်းစစ်ကောင်စီ၏ တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်သူများ မလိုလားကြောင်းနှင့်မှန်ကန်မျှတသည့် တရားစီရင်ရေးတွင် ခေတ်ပညာတက်လူငယ်များလိုအပ်နေကြောင်း ပေါ်လွင်စေသည်။
ထိန်းကျောင်းရမည့်တရားစီရင်ရေး
ရခိုင်ပြည်မှာ ၂၀၂၁ခုနှစ်ကစတင်ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို လုပ်ကိုင်လာနေပြီး ရခိုင်ပြည်သူများကလည်း ULA/AA ၏ တရားစီရင်ရေးအပေါ်မှာ ယုံကြည်မှုရှိလာနေသည်ဟုဆိုကြသည်။
သို့သော်လည်း လက်ရှိရက္ခိုင့်ပြည်သူအစိုးရအနေ ဖြင့် ဒေသလုံခြုံရေးနှင့် တရားစီရင်ရေးဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များ၏ အရည်အသွေးမပြည့်ဝမှု၊ လူ့စွမ်းအားအရင်းအမြစ်အား နည်းမှုနှင့် အကျင့်ပျက်ခြစား သည့် ယဉ်ကျေးမှုများ ဆက်လက်ပါဝင်လာသောကြောင့် မှားယွင်းစွာဆုံးဖြတ်မှု၊ အာဏာအလွဲသုံးစားလုပ်မှုများကြောင့် တရားစီရင်ရေး၏ အားနည်းချက်များရှိလာသည်ဟု ULA/ AA ပြောခွင့်ရသူ ခိုင်သုခက ဝန်ခံပြော ဆိုခဲ့သည်။
“လက်ရှိရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို ULA/AA က လက်ခံစီရင်လာနေရပြီး မိမိတို့၏ တပ် ဖွဲ့ဝင်တွေနဲ့ တာဝန်ယူလာကြရပါတယ်။ အဲဒီတာဝန်တွေကို ယူကြတဲ့အခါ မိမိတို့၏ တပ်ဖွဲ့ဝင်တွေရဲ့ အရည်အချင်းလိုအပ်ချက်၊ လူအရင်းအမြစ်ရှားပါးမှု၊ အကျင့်ပျက်ခြစားလဒ်စားတဲ့ အလေ့ အကျင့် ဆင့်ကဲတာဝန်ယူမှု တာဝန်ခံမှုအား နည်းမှု၊လုပ်ငန်းအပေါ်နားမလည်မှုတွေ ဆက်ပြီးပါလာသလို တချို့တရားစီရင်မှုတွေမှာ မှားယွင်းဆုံးဖြတ်မှုတွေ၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ တ ရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းတွေရဲ့ အားနည်း ချက်တွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်တွေရှိလာပါတယ်။”ဟု ပထမအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုကက ပြောဆိုထားသည်။
ရခိုင်ပြည်သူလူထုယုံကြည်အားကိုးလာသော ULA/AA ၏ တရားစီရင်ရေးအတွင်း အားနည်းချက်များကို ပြုပြင်ထိန်းကျောင်းကြပ်မတ်ရန် လိုအပ်နေကြောင့်လည်း ဝေဖန်ထောက်ပြပြောဆိုကြသည်။
”တရားစီရင်ရေးမှာ မှားလို့မရတာတွေရှိပါတယ်။နောက်ပြီး အာဏာပါဝါပြပြီး တရားစီရင်တာတွေ၊ဘက်လိုက် တာတွေ မဖြစ်ဖို့လိုပါတယ်။တရားစီ ရင်ရေးကိုပြည်သူတွေ အယုံကြည်မဲ့သွားရင်နောက်ပြန်တည်ဆောက်ဖို့ မ လွယ်ပါဘူး။မြောက်ဦးဖြစ်စဉ်လိုနောက်မဖြစ်ဖို့ ထိန်းကျောင်းကြပ်မတ်ရမယ်။” ဟု တရားသူကြီးဟောင်းတစ်ဦးက သူ့အမြင်ကို အကြံပြုပြောကြားသည်။
ရခိုင်တွင် ထိလွယ်ချလွယ်သည့် လူဘမျိုး၊ ဘာသာပေါင်းစုံရှိနေသဖြင့် တ ရားစီရင်ရေးတွင် အလွန်သမာသမတ်ကျရန် သတိထားကြပ်မတ်သင့်သလို အခြေခံလူ့အခွင့်အရေးကိုလည်း အထူးအလေး ထားသင့်ကြောင့်လည်း အကြံပြုထောက်ပြကြသည်။
”မြေယာအမှုကိစ္စတွေကို အထူးသတိ ထားဖြေရှင်းသင့်ပါတယ်။ကျောက်တော်က ရိုဟင်ဂျာပိုင်မြေယာအမှုကိစ္စမှာ ULA ကနိုင်ငံရေးမှူး၊ ဥပဒေအရာရှိတွေပါဝင်တယ်လို့ပြောဆိုကြပါတယ်။ နောက်ပြီး အာဏာပါဝါပြတာ၊အဂတိမြှောက်တာတွေလည်း ကြားနေရတယ်။ရမ်းဗြဲက အောက်ဆီဂျင်စက်ရုံမြေနေရာဆိုရင်လည်း ခုထိဖြေရှင်းပေးနိုင်တာမတွေ့ရသေးပါဘူး။”ဟု လူ့အခွင့် အရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)တွင် အခြေခံဥပဒေတစ်ခုတရားဝင်ထုတ်ပြန်ပြဌာန်းရန်လိုအပ်နေပြီး ထိုအခြေခံဥပဒေအရသာ တရားစီရင်ရေးကို လုပ်သင့်ကြောင်း ထောက်ပြပြောဆိုကြသည်။
”တရားစီရင်ရေးမှာ အခြေခံဥပဒေတရပ်ရှိဖို့လိုအပ်ပါတယ်။ အခြေခံဥပဒေမှာပါတဲ့မူဝါဒတွေကို တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ စီရင်ရတာဖြစ်ပါတယ်။ ULA/AA အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ပွင့်လင်းမြင်သာစွာ ချပြပြီး လုပ်ဆောင်သင့်ပါတယ်။” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။
ရခိုင်တွင် ULA/AA ဖက်က အမှုအတွက်ဖမ်းဆီးတရားစွဲဆိုခံနေရသူတချို့မှာ မိသားစုဝင်များနှင့်အဆက်အသွယ်မရသည့်အပြင် ဖမ်းဆီးခံရသည့်အ ကြောင်းရင်း အမှုကိစ္စ၊ပြစ်ဒဏ်များကိုလည်း မသိကြရသဖြင့် ယခုထက်ပိုမိုပွင့်လင်းမြင်သာရန်လိုအပ်နေပြီး တရားစီရင်ရေးမဏ္ဍိုင်တွင် ပိုမိုတက်ကျွမ်းနားလည်သူများဖြင့် ယခုထက်ကောင်းမွန်ပြီး စနစ်တကျလုပ်ဆောင်သင့်ကြောင်း ထောက်ပြကြသည်။
”တကယ်တမ်းစဉ်းစားကြည့်ရင် လက် ရှိ တရာစီရင်ရေး စနစ်အကုန်လုံးက ကျူးလွန်သူကိုသာ အပြစ် ပေးတယ် ဆိုပေမယ့် သူနဲ့ဆက်စပ်တဲ့ သူတွေကိုလည်း အပြစ်ပေးတာပါပဲ။ ဥပမာ- အ ဖေ၊ အမေဖြစ်သူကို ဖမ်းဆီး၊ထောင်ချတယ်ဆိုရင် ဖမ်းဆီးခံရသူဟာ အဓိကဝင်ငွေရှာပေးသူဆိုရင် သား၊သမီးတွေရဲ့ ဘဝပျက်သွားတယ်။ပျက်သွားနိုင်တယ်။တကယ်လို့ ဖမ်းဆီးထောင်ချခံရသူဟာ မတရားသဖြင့်ခံရတာဆိုရင် ဘယ်လောက်ထိ မတရားဘူးလဲဆိုတာ ပေါ်လွင်တယ်။ဒီအတွက် တရားစီရင်ရေးဆိုတာ ပြီးစလွယ်လက်သမားအလုပ်ကို မျောက်ဝင်လုပ်သလို လုပ်လို့မရတန်ကောင်းဘူး ထင်ပါတယ်။” ဟု ဥပဒေအရာရှိဟောင်းတစ်ဦးက ပြောသည်။
ရခိုင်တွင် လူမျိုး၊ဘာသာစုံလင်ကွဲပြားသကဲ့သို့ ကွဲပြားခြားနားသည့် ရိုးရာဓလေ့တရားစီရင်မှုများကိုလည်း ထည့်သွင်းစဉ်းစားပြီး ရခိုင်ပြည်သူလူထုအားလုံး ယုံကြည်လက်ခံလာသော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်လာစေဖို့ တရားဝင်ဥပဒေတစ်ရပ်ဖြင့် လိုအပ်သည်များကို မလွှဲမသွေကြပ်မတ်ထိန်းကျော င်းပေးရန် လိုအပ်နေပေသည်။
https://www.facebook.com/permalink.php?story_fbid=158652566577058&id=107469705028678