ပလက်ဝအခြေစိုက်တပ်ရင်းတစ်ခုတွင် အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို အင်တာဗျူးဖြေဆို၍ အလုပ်နှင့် ထောင် ၃ နှစ်ချမှတ်ခံရသည့် ကိုတင်ထွန်းအောင်ကို စစ်တွေအကျဉ်းထောင်သို့ပို့ဆောင်

By Narinjara / 2022 April 08

မြထွီးသျှင်

ချင်းပြည်နယ်၊ ပလက်ဝမြို့အခြေစိုက်တပ်ရင်းတစ်ခုတွင် အလံဖြူထောင်သည့်ကိစ္စကို မီဒီယာတစ်ခုအား ဖြေဆိုမိ၍ ပုဒ်မ ၅၀၅(က)ဖြင့် အမြင့်ဆုံးပြစ်ဒဏ် အလုပ်နှင့် ထောင် ၃ နှစ်ချမှတ်ခံရသည့် ကိုတင်ထွန်းအောင်ကို စစ်တွေအကျဉ်းထောင်သို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သူ့ကို ဧပြီလ ၆ ရက်တွင် ပလက်ဝမှတဆင့် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“အခုတရားရုံးကဆုံးဖြတ်လိုက်တာကို ပြန်ပြီး အယူခံတက်သွားမယ်၊ ကျနော်တို့ကတော့ ပြန်လို့နောက်မဆုတ်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်သွားမယ်” ဟုပြောသည်။

ကိုတင်ထွန်းအောင်အား စစ်တွေအကျဉ်းထောင်သို့ ထောင်ဝင်စာသွားတွေ့ရန်ပြင်ဆင်နေပြီး တွေ့ခွင့်ရ၊ မရ မသိသေးကြောင်းလည်း သူက ဆက်ပြောသည်။

သူသည် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နံနက်တွင် ပလက်ဝမြို့နယ်တရားရုံး၏ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ချုပ်ရက်ကိုပါတစ်ပေါင်းခံစားခွင့်ပေးထားကြောင်း သိရသည်။

ကိုတင်ထွန်းအောင်ကို ချမှတ်လိုက်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)သည် စစ်တပ်ကအာဏာသိမ်းပြီး နှစ်ပတ်အကြာတွင် ပြစ်ဒဏ်တိုးမြှင့်ကာ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ပုဒ်မတစ်ခုဖြစ်ပြီး ယင်းမတိုင်ခင်တွင် အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ်သာ ချမှတ်၍ရသည့် ပုဒ်မဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းကိုခံခဲ့ရပြီး ထောင်ချခံလိုက်ရခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/5361723780506322

Leave a Reply

Your email address will not be published.