ပလက်ဝမှ ကိုတင်ထွန်းအောင််ကို ဧပြီ ၈ ရက်တွင် အပြီးသတ်အမိန့်ချမည်

By Narinjara / 2022 April 02

မြထွီးသျှင်

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ခံထားရသည့် ကိုတင်ထွန်းအောင်ကို ဧပြီလ ၈ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ကိုတင်ထွန်းအောင်၏အမှုအား ယမန်နေ့ ဧပြီလ ၁ ရက်ရုံးချိန်းတွင် ပလက်ဝမြို့နယ်တရားရုံး၌ နှစ်ဘက်ရှေ့နေများကလျှောက်လဲချက်ကြားနာခဲ့ကြပြီးနောက် လာမည့်ဧပြီလ ၈ ရက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

အပြီးသတ်အမိန့်ချမှတ်ရာတွင် အမှုမှလွတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ကိုတင်ထွန်းအောင်၏မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

“ပလက်ဝမှာ ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ယောက်ထဲက တစ်ယောက်ကလွတ်ခဲ့တယ်ဆိုတော့ သူလည်းလွတ်နိုင်ပါတယ်။ သူ့ကိုကတော့ ကျနော်က ဒီလောက်ထိန်းသိမ်းထားတဲ့အထဲမှာဆိုရင် ကျနော်တို့ပလက်ဝမြို့အတွက် ထိခိုက်မှုတွေရှိခဲ့တာလည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီအမှုက ကွင်းလုံးကျွတ် ကင်းလွတ်နိုင်မယ်လို့ ကျနော်ကတော့ ထင်ပါတယ်” ဟုပြောသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆)နှစ်သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်းကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရဲနှင့်စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့်လွတ်မြောက်ခဲ့သော်လည်း ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုလုပ်ကာ ပလက်ဝမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(က)ဖြင့် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ တရားစွဲဆိုခံနေရခြင်းဖြစ်သည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5345507502127950

Leave a Reply

Your email address will not be published.