ပတ္တမြားဒေဝီစောမဲကျီမွေးဖွားရာဇာတိ ရမ်းဗြဲမြို့နယ်မှ နားမွေးတော်ဓာတ် စေတီ ဖူးမျှော်ပွဲကို စံတင်လောက်သည့် ရခိုင်ရိုးရာ ဝတ်စားဆင်ယင်မှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

By Narinjara / 2022 April 20

အေးမြတ်ခိုင်

(ဓာတ်ပုံ- စောမဲကျီလူငယ်အသင်း)

ရခိုင်ဘုရင် မင်းဘာကြီး၏ မိဖုရားကြီး ပတ္တမြားဒေဝီစောမဲကျီမွေးဖွားရာဇာတိ ရမ်းဗြဲမြို့နယ်၊ ကန်ဒိုင်းတိုက်နယ်၊ အတွင်းပြင်ကျေးရွာတွင် နားမွေးတော်ဓာတ် စေတီဖူးမျှော်ပွဲကို စံတင်လောက်သည် ရခိုင်ရိုးရာ ဝင်စားဆင်ယင်မှုများဖြင့် အစဉ်အလာမပျက် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ရမ်းဗြဲမြို့နယ်၊ ကန်ဒိုင်းတိုက်နယ်၊ အတွင်းပြင်ကျေးရွာ သာသနာ့ ကုန်းတော်ပေါ်တွင် တည်ရှိသော ဘုရားရှင်၏နားမွှေးတော်ဓာတ်စေတီ ဖူးမျှော်ကန်တော့ပွဲကို နှစ်ဆန်းတစ်ရက်နေ့  ဧပြီလ၁၇ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ပြီး ကန်ဒိုင်းတိုက်နယ်မှ ကျေးရွာ ၁၂ ရွာက အမျိုးသမီးငယ်များက ရခိုင်ရိုးရာဝတ်စုံများကိုကျေးရွာအလိုက် အရောင်မျိုးစုံ ဝတ်ဆင်ကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဧပြီလ ၁၇ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရခိုင်ရိုးရာ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင် ထုံးဖွဲမှုပြိုင်ပွဲများ၊ ဇာတ်ပွဲများနှင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း စောမဲကျီလူငယ်အသင်းအတွင်းရေးမှူး ဦးအောင်သိန်းက နိရဥ္စရာ ကိုပြောသည်။

“ရိုးရာအစဉ်အလာကို အမြဲတမ်းထိန်းသိမ်းနိုင်တော့ ဝမ်းသာတာပေါ့ ။ ပါဝင် ကြတဲ့ ယဉ်ကျေးမှု အဖွဲ့တွေကို  ဒီနှစ်မှာ ဆု သုံးဆုတောင် ချီးမြင့်တယ်။ ရခိုင်ရိုးရာရဲ့ထုံးဖွဲ့မှု၊ ဖိနပ်တွေ၊ အချိတ်တွေ၊ ဆံထုံးထုံးတာတွေ ရခိုင်ရိုးရာ ဆန်အောင်၊ ဒါတွေကိုစံထားပြီး ဆုပေးကြတယ်။ ရိုးရာအစဉ်အလာ တွေကို တက်နိုင်တဲ့ ဘက်က မှန်မှန်ကန်ကန်ဖော်ထုတ်နိုင်အောင်၊ တခါတခါကျ ဗမာထုံးဖွဲ့မှုနဲ့ ရောယှက်နေတာတွေ ရှိတယ်လေ ရခိုင်ရိုးရာတွေ ပီပီပြင်ပြင်တွေ ပေါ်လွင်လာအောင် အတွက် ဂုဏ်တင်ပေးတာပေါ့”ဟု ပြောသည်။

ကန်ဒိုင်းတိုက်နယ်တွင် ကျေးရွာ ၁၃ ရွာရှိပြီး ၄င်းကျေးရွာများမှ လူပျို၊ အပျိုများ နှင့် ကျေးရွာသား များက နားမွှေးတော်ဓာတ်စေတီဖူးမျှော်ပွဲကို ရိုးရာအစဉ်လာမပျက် နှစ်စဉ်ကျင်းပလေ့ရှိကြောင်း သိရသည်။

နားမွှေးတော်ဓာတ်စေတီကို ရခိုင်ဘုရင်မင်းဘာကြီး၏ မိဖုရားကြီး ပတ္တမြားဒေဝီစောမဲကျီက ရခိုင်သက္ကရာဇ် ၈၇၅ ခုနှစ်က တည်းထား ကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဘုရားပွဲကို နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပ ပြုလုပ်လေ့ရှိပြီး နှစ်ပေါင်း ၁၅ဝကြာ အစဉ်လာမပျက် ထိန်းသိမ်းလာခဲ့သော ပွဲတော်တစ်ခုဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချင်အရ သိရသည်။

https://www.facebook.com/narinjara.info/posts/5392735234071843

Leave a Reply

Your email address will not be published.