ပင့်သကူအရင်းအမြစ်များ

By Boder News Agency (BNA) / 2022  April 09

အောင်လင်းဟိန်း(SKY)ရေးသားသည်။

(ဓာတ်ပုံ-ရခိုင်ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊မြောက်ဦးမြင်ကွင်းတစ်ခု/BNA)

နွေတကျော့ရောက်လာလေပြီး ခါတော် မီသင်္ကြန်ချိန်ခါ နီးကပ်ရောက်လာလေပြီ၊၊ပင်အိုဖျားဆီကနွေဥဩတွန်သံ တ ချက်ကြားနေရသည်။ပင်အိုပင်ပျိုများဆီကကြွေကျဆင်းလာသည့် ရွက်ဟောင်းခြွေသံများ လေအလင့်မှာ ကြားမိလိုက်သည်က တောတွင်းတစ်နေရာမို့ သိသာလွန်းလှသည်။

ရွက်သစ်ဝေခါစကျွန်းပင်အိုတွေကြား ရဟန်းတစ် ပါး လမ်းလျှောက်လာသည်။မျက်လုံးမြင်ကွင်းအ ကွာအဝေးကို ဝိနည်းသိက္ခာပုဒ်အရ လှမ်းမကြည့်တတ်သည့် အဆိုပါရဟန်း ရှေ့မှောက်အရောက် လက်ဂါဝရပြုယင်း ဒူးထောက်ကန်တော့လိုက်တော့သည်။

အလုပ်နားရက်တွေမို့ အလည်လာတာပါဘုရားဟု လျှောက်တင်ယင်း တောရပ်ဆောက်တည်သည့် ရဟန်းအို ဆရာသမားထံပါလာသည့်ပစ္စည်းအလှူဆ က်ကပ်ဖြစ်သည်။

တောတွင်းဘုန်းကြီးကျောင်းမို့ တိတ်ဆိတ်ငြိမ်လွန်နေချိန် တောရပ်ဆောက်တည်နေသည့် ရဟန်းမို့ အပိုအလိုစကားပြောဖို့ ခဲယဉ်းနေသည်။သာကြော င်းမာကြောင်းမေးမြန်းပြောဆိုပြီးနောက် ”ဒီဖက်မှာရေရှားပါလား—ဘုရား” ဟုမေးမြန်းလျှောက်တင်လိုက်သည်။

”အေး နွေရာသီဆိုတော့ သိသာတာပေါ့။ဒါပေမယ့် ဒီကျောင်းမှာ ရဟန်းသင်္ဃာတော်တွေနည်းတော့ သိပ်မသိသာဘူး။ ”ဟုပြန်ဖြေသည်။

တောင်ကုန်းစောင်းက ကျောင်းသင်ခန်းမှာ အေး ဆေးအနားယူစတေးချနိုင်ကြောင်း လမ်းညွှန်ပြရန် ကိုယ်ရင်ငယ်တစ်ပါး ရောက်နှင်းလာခဲ့သည်။

မြို့ရွာနှင့်အလှမ်းဝေးသည့် နေရာတွင် တောမှီရဟန်းအနည်းငယ်နှင့် ကိုယ်ရင်ငယ်တို့  တောရပ်ဆောက်တည်နေသည့် တောင်ကုန်းပေါ်လေးဆီက တစ်ထပ်ကျောင်းဆောင်လေးသည် ငြိမ်းအေးချမ်းသာမှုအစဉ်ကိုပေးနေသည်။

တောတွင်းတစ်နေရာဆီကလာသည့် လေကောင်း လေသန့်များ တစ်ဟုန်ရှူရှိုက်မိလိုက်သည်။ ဆက် တိုက်ဆိုသလို ကျေးငှက်တွန်သံက သဘာဝချစ်မြတ်နိုးသူမိမိအတွက် လွန်စွာစိတ်ကျေနပ်မှုကို ပေးစွမ်းနေသည်။ပန်းပင်အရိပ်ရပင်များနှင့် ဟင်းရွက်သီးနှံပင်တစ်ချို့ကို တောင်တက်ကျောက်လှေကား နံဘေးတွေ့လိုက်ရသည်။

တောရပ်ဆောက်ယင်း သားငါးမမှီဝဲဘဲ သစ်သီးဟင်းသီးဟင်းရွက်များကိုသာ ဦးစားပေး စိုက်ပျိုးထားခြင်း ဖြစ်နိုင်သည်။

ဥတုရာသီတောကိုမှီသလို ရဟန်းတော်များ ကျင့်ကြံအားထုတ်ဖို့လည်း တောကိုမှီရခြင်းလေလား။တော င်ကုန်းစောင်းတလျှောက် ကျောက်လှေကားလေး အတိုင်းတက်လာစဉ် ဆွမ်းချက်ဆောင်လို့ယူဆလို့ရသည့် သက်ကယ်မိုးထားသည့် အဆောင်ငယ်လေးတစ်ခုတွေ့ရသည်။မျက်နှာပြင်မဲမဲကြပ်ခိုးများ ထူနေသည်။သစ်ဝါးလောင်စာများကို စနစ်တကျပုံ ထားပြီး မီးဖိုပေါ်တွင် မီးခိုးငွေ့ငွေ့လေးထွက်နေသ ည့် ရေနွေးတစ်အိုးကို မြင်လိုက်ရသည်။

ဘူးသီးခြောက်ရေဘူးလေးများကိုမူ ပြတင်းပေါက်အဝထိပ်တွင် ချိတ်ဆွဲထားသည်။ဝါးဗန်းကလေးဖြင့် အခြောက်ခံနေလှန်းထားသည့် မုန်လာဥခြောက်၊မျှစ်ခြောက်များနှင့်လက်ပံပွင့်အခြောက်များကို ဆွမ်းတစ်နပ်စီအတွက် ကြိုတင်စုစည်းထားခြင်းတွေ့ရသည်။

ထိုစဉ်ကျွန်တော်၏ မျက်လုံးအစုံသည် အခန်းထော င့်တစ်နေရာမှာ မြေအိုးသောက်ရေအိုးလေးတစ်လုံးပေါ်ရှိ ရေသောက်ခွက်မှာ အုန်းမှုတ်ခွက်ဆီကို ရော က်သွားသည်။

အုန်းမှုတ်ခွက်လေးဖြင့်ခပ်ကာ ရေအေးအေးလေးတစ်ခွက်ကို သောက်မိလိုက်သည်။နွေအပူတွင် ခရီးပန်းလာသူအဖို့ ရွှေရင်အပူကိုခတ္တများငြိမ်းသွားစေ၏။

ထိုစဉ် ဤသောက်ရေသည် ဘယ်ကလာသနည်းဆိုသည့်မေးခွန်းက ကျွန်တော့ခေါင်းထဲ အတွေးဝင်သွားပြန်သည်။

သန့်ရှင်းရေးလုပ်နေသော ဘေးနားကဦးဇင်းတစ်ပါးအား မေးမြန်းဖြစ်လိုက်တော့ မြေအောက်စိမ့်စမ်းရေဖြစ်ကြောင်းနှင့် တောင်စောင်းအနီးက ခပ်ယူရခြင်းဖြစ်ကြောင်း ပြောပြသည်။

ရေနှင့်ပက်သက်လာလျှင် ငယ်စဉ်ကပင် ကံကောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။မိသားစုနှစ်စုအတူနေကြသည့် မိမိနေအိမ်ခြံဝင်းထဲတွင် မြေအောက်ရေကျောက်ရေတွင်း (ဒေသအခေါ် အဝီစိ)တွင်းရှိသည်။နှစ်မိသားစုပေါင်း လူ (၁၅)ဦးခန့်ရှိသည့် နေအိမ်ခြံဝင်းအတွင်း မြေအောက်ကျောက်ရေတွင်းက လွန်စွာကောင်းမွန်လှသလို ပိုလျှံနေသည့်အ တွက် အိမ်နီးနားချင်းများလာရောက်ခပ်ယူကြလေ့ရှိသည်။

ထိုစဉ်ကမြေအောက်ရေ ကောင်းရှာ ရခက်လေ့ရှိသည်။သို့သော်တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက်မတူကြပေ။တချို့ရေကြောရှိသည့်နေရာများတွင် မြေ အောက်ရေရဖို့အဆင်ပြေသော်လည်း မြေအောက် ကျောက်ကြမ်းပြင် ထူထပ်သည့် ဒေသတစ်ချို့အတွ က်အဆင်မပြေကြပေ။

တစ်ဖြည်းဖြည်းနှင့် လက်ငင်ရေတုံကင်များ ခေတ်စားလာခဲ့ပြီး နောက်ပိုင်းတွင်ရေမော်တာများဖြင့် မြေအောက်ရေကိုဖြည့်တင်ယူလာကြသည်။

မိုးရေချိန်လက်မ ၁၅၀ မှ ၂၀၀ ခန့်ရရှိသောဒေသမှာ နှစ်စဉ်ရေရှားပါးလျှက်ရှိပြီး မြို့ရေပေးဝေမှုအတွ က် ကန်တော်ကြီးရေမှာလည်း မိုးတွင်းနှင့် ဆောင်းအကုန်အထိသာအဆင်ပြေကာ နွေရောက်တိုင်း အားကိုးလို့ မရသေးချေ။

မိမိတည်းခိုမည့်နေရာအရောက်ထိ ကိုယ်ရင်လေးကလိုက်ပို့ခဲ့ပြီး အထုပ်အပိုးချထားလိုက်သည်။ သစ် သားဖြင့် ပြုလုပ်ထားသည့် ယောဂီများလာရောက်တည်းခိုသည့် အဆောင်ငယ်လေးဖြစ်နိုင်ခြေရှိသည်။

ရေချိုးဖို့စိတ်ကူးရလာပြီးနောက် ကိုရင်လေးကိုမေးကြည့်လျှောက်ထားရာ တောင်စောင်းခြေရင်းတွင် စိမ့်ရေထွက်နေသည့်နေရာကိုလိုက်ပို့သည်။မြေ အောက်စိမ့်ရေတွင်းအဆက်မပြတ်ထွက်နေခြင်းဖြစ်ပြီး စမ်းချောင်သဖွယ်စီးဆင်းသွားသည်။

သို့ရာတွင် ဆရာတော်ကြီးက ရေပိုက်လိူင်းသယ်ယူထားကာ ကျောင်းတွင်းအသုံးပြုမည့် ရေကန်ထိအရောက် သွယ်ထားခြင်းဖြစ်သည်။

ခုနောက်ပိုင်း မြေအောက်ရေအရင်းအမြစ်များရှား ပါးလာသည့်ပြသနာများကို ကြားမြင်နေရသည်။နှစ်ပေါင်းများစွာအတွင်း ရှိရင်းစွဲသဘာဝရင်းမြစ်များကို ထုတ်ယူသုံးစွဲကြယင်း ပြန်လည်တည်ဆောက် ထိန်းသိမ်းဖို့ကိုမှုသိနေကြသော်လည်း လက်တွေ့တွင် ပျက်ကွက်နေကြဆဲဖြစ်သည်။

ရေအရင်းမြစ်ရှားပါးရခြင်းပြသနာထဲ ကွင်းဆက်မှာ သစ်တောပြုန်းတီးမှုလည်းပါနေပြီး လူဦးရေများ ပြားလာပြီး မြို့ပြကျေးလက်မကျန် သဘာဝရေအ ရင်းမြစ်များကို စီမံခန့်ခွဲရာတွင်လိုအပ်ချက်များစွာတို့ကြောင့်ပြောနိုင်သည်။

အထူးသဖြင့် မြို့ပြနေထိုင်သူများသည် မြေအောက်ရေကို လွန်စွာအားကိုးလျှက်ရှိနေကြပြီး အခုနောက် ပိုင်း ရေချိုဓာတ်အားနည်းလာသော မြေအောက်ရေများသာ ရရှိလာကြခြင်းကိုတွေ့နေရသည်။

တချိ့နေရာများမှာ ပေ ၁၀၀ ကျော်ထိတူးဖော်သော် လည်း ရေကောင်းရေသန့်မတွေ့ရတော့ဘဲ အာဆင်းနစ်ကြွယ်ဝသော ရေများသာရရှိကြသည်ဖြစ်၍ ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းလှသည်။

မြေအောက်ရေကို နေ့စဉ်နဲ့အမျှထုတ် ယူသုံးစွဲနေတဲ့အခါမှာ အလွန်အကျွံထုတ်သုံးနေသလားဆိုတာကို တော်ရုံသတိမထားမိပဲ ရှိတတ်ကြသည်။

မြေအောက်ရေအလွန်အကျွံသုံးစွဲထုတ်ယူမှုများကြောင့် အဓိကအကျိုးဆက်တွေထဲက တစ်ခုက တော့ မြေအောက်ရေ level သိသိသာသာနိမ့်လာခြင်းပဲ ဖြစ်သည်။

မြေအောက်ရေ level က ပုံမှန်ထက် ပိုနိမ့်လာခဲ့လျှင် ရေတွင်းရေကန်များ ရေမထွက်တော့ဘဲ မြစ်၊ချော င်းတွေမှာ ရေနည်းပါးလာပြီး မြေဆီမြေလွှာပျက်စီးခြင်းများ၊မြေမျက်နှာပြင်ပျက်စီးခြင်းများနှင့်အတူ ကမ်းရိုးတန်းဒေသများမှာ ကုန်းမြေအတွင်းထိ ဆားငန်ရေများစိမ့်ဝင်လာနိုင်ခြေများစွာ ရှိနေခြင်းဖြစ်သ ည်။

အလားတူ ရေတွင်းရေကန်များတွင် ရေမထွက်တော့သလို ရေချိုဓာတ်လျော့န ည်းလာပြီး မြေပြိုခြင်းကိစ္စရပ် နောက်ဆက်တွဲနှင့်အတူ ငွေကုန်ကြေးကျစရိ တ်ပိုများလာသည်ကို ကြုံလာရခြင်းဖြစ်သည်။

နောက်ဆုံးပြဿနာက ရေရှားပါးမှုပြဿနာကို ပိုမိုကြုံတွေ့ခံစားရမှာဖြစ်ပြီး ရောဂါဝေဒနာ အတိဒုက္ခများရလာလျှင် ပိုမိုစိတ်ပင်ပန်းကြရမှာဖြစ်သည်။

ထို့ကြောင့် မြေအောက်ရေအရင်းမြစ်များစနစ်တ ကျထိန်းသိမ်းဖို့ အားလုံးတာဝန်ရှိကြသည်။​ပြဿနာကမြေ အောက်ရေ ထိန်းသိမ်းရေးဆိုင်ရာ အသိပ ညာရပ်များအားနည်းနေကြဆဲဖြစ်ပြီး ကျေးလက်မြို့ပြဒေသတချို့ ရေရှားပါးမှုပြသနာမှာ သဘာဝဆန်လာတတ်သည်။အရင်းအမြစ်ထိန်းသိမ်းရေးတစ်ရပ်အ ဖြစ် ခြိုးခြုံချွေတာစွာသုံးစွဲကြဖို့လည်း အရေးကြီးပြန်သည်။

တဆက်တည်းတွေးကြည့်မိသည်မှာ မကြာမီ သင်္ကြ န်ကာလရောက်လာတော့မည်ဖြစ်သည်။ရှိသမျှရေကို ခုနှစ်ရက်တစ်ပတ်နီးပါး ရေလောင်း၊ရေပက်က စားလေ့ရှိသည့် မိမိတို့ဒေသတွင်း ရေရှားပါးစဉ် ရေကို အလွန်အကြူးသုံးစွဲကြတော့မည်ဖြစ်သည်။

ရိုးရာပွဲများကို ထိန်းသိမ်းဖို့လိုအပ်သလို ရှားပါးနေသည့်သဘာဝအရင်းအမြစ်များကိုလည်း ရိုးရာပွဲထိမ်းသိမ်းရာတွင် အလွန်အကျွံအသုံးမချဖို့ စဉ်းစားရတော့မည်။

အရင်ခေတ်ကအစဉ်အလာကို ဖျက်ချိုးဖို့ပြောခြင်းမျိုးမဟုတ်။သောက်သုံးရေရှားပါးကြပြီး ကုန်ကျစာရိတ် များပြားလှသည့်ခေတ်တွင် ရိုးရာသ င်္ကြန်သည်မည်သည့် ပြဿနာမှမဟုတ်သော်လည်း ရေအရင်းမြစ်များကို ဒလဟောသုံးစွဲကြနေကြသည့် အခြေအနေကိုဆင်ခြင်ဖို့၊လျော့ချနိုင်အောင်လုပ်ဖို့သာ အရေးကြီးသည်။

ရေသုံးစွဲခြင်းနှင့်ပတ်သက်ပြီး ဆရာတော်က စည်း ကမ်းကြီးတယ်လို့ ကိုရင်လေးကပြောဖူးသည်။ရေလျှံထွက်နေသော်လည်း အပိုအလျှံသုံးစွဲခြင်းကို မနှစ်သက်ဘဲ သဘာဝအတိုင်းထွက်နေသည့်ရေများ ရှိခြင်းသည်ပင်လျှင် ထိန်းသိမ်းခြင်း တမျိုးဟုယူဆမိသည်။

စိမ့်စမ်းရည်တွင်းမှ လာသည့်ရေကိုချိုးပြီးသည်နှင့် အရသာခံဖို့ကိုမူ မဝံ့မရဲဖြစ်မိတော့သည်။ရေချိုးကြာလေ့ရှိသူတစ်ဦးအဖို့ ရေလျှံနေသည့်တိုင် တုံ့ဆိုင်းနေခြင်းပင်ဖြစ်သည်။

ညနေဦးမှာ ဆရာတော်ဘုရားကတော့ ဘုရားဝတ်ပြုလို့ပြီးသွားပြီထင်သည်။ကိုယ်ရင်လေးနှင့်အတူ ဆေးရွက်ခြောက်ကြိုထားသည့် ရေနွေးကြမ်းခြောက်ရည်ကို ဆရာတော်ထံဆပ်ကပ်လိုက်သည်။

မီးစက်မနိုး၊ဆီမကုန်ဘဲ သက်တောင့်သက်သာနှင့် ဖြတ်သန်းနေသည့် တောရ ကျောင်းလေးကို အလွန်သဘောကျမိသည်။

ဆရာတော်ဘုရားက သားငါးစားသုံးမှုကို ကန့်သတ်ထားပြီး ရဟန်းတစ်ပါး၏အသက်ရှင်သန်ခွင့်နှင့် တရားဓမ္မအားထုတ်ဖို့အတွက် မည်သည့်အကောင်သတ္တဝါ၏ အသွေးအသားအကူအညီနှင့်မျှမလိုဘဲ ရပ်တည်နိုင်အောင် မေတ္တာပွါးများခြင်းဖြစ်သည်ဟု ကိုယ်ရင်လေးက ဆရာတော်ကြီး၏ ဩဝါဒကိုချပြသည်။

ပင့်သကူသားငါးဆိုသည်မှာကား ရောဂါဖြစ်လို့သေဆုံးသွားသည့် အကောင်သတ္တဝါကိုခေါ်ကြောင်းနှင့် လူများ၏ပယောဂမပါဘဲသေဆုံးသည့် သားငါးများဖြစ်သည်ဟုသိရသည်။

သို့ရာတွင် ထိုကဲ့သို့သောအကောင်သားငါးများကိုလူတွေက စားသုံးလေ့မရှိ။လက်တွေ့ ဓါးတင်သတ် ဖြတ်ခြင်းခံရသည့်သားကောင်များကို ပင့်သကူသားလို့ထင်နေခဲ့ခြင်းဖြစ်သည်။

တဆက်တည်းတွေးကြည့်လိုက်သည်။မြေအောက်ရေများကား ပင့်သကူမဖြစ်နိုင်သလားလို့။တနည်းအားဖြင့်ပြောရလျှင် သဘာဝမှပေးထားသော ပင့်သကူအရင်းအမြစ်များ ဖြစ်နေလိမ့်မည်။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကျွန်တော်သဘော ကျခဲ့သည့် Minimalisms ဟုခေါ်သည့် အနည်းအကျုံးနှင့် ခြိုးခြုံနေထိုင်နည်းဝါဒသည် ဤရဟန်းကျင့်သုံးနေသည့် ဝါဒသည်နေရာမှာ ဆက်စပ်နေကြောင်းကို  သတိပြုမိသည်။

သည်ရဟန်းများသည် ဗုဒ္ဓအယူဝါဒအတိုင်း မသေ ချာသောဖြစ်တည်မှုများကို အလိုမရှိကြဘဲ လောဘဒေါသမောဟကင်းရာပုထုစဉ်များနှင့် ဝေးရာအရပ်တွင် တောရပ်ဆောက်တည် နေကြခြင်းမည်လား တွေးကြည့်မိသည်။

သို့ရာတွင် ရေအရင်းမြစ်များသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းများနှင့်သားငါးထိန်းကျောင်းခြင်းများအပြင် သက်တောင့်သက်သာ ရောင့်ရဲနေထိုင်နည်းများသည် အပြင်လူ့ လောကနှင့် သီးသန့်ခြားစီဖြစ်နေသည်။

မည်သည့်တက္ကသိုလ်မှာမှ ပညာသင်ကြားခြင်းမဟု တ်သလို မည်သည့်ဟိုတယ်မှာမှ အဆိုပါပညာရပ်များအား သင်တန်းတက်ထားခြင်းမဟုတ်ကြပေ။ထို့အတူ မည်သည့်အဖွဲ့အစည်းကမှ ကမကထပြု၍ အလုပ်ရုံဆွေးနွေးပွဲများ တက်ထားကြခြင်းလည်းမဟုတ်ချေ။           

ညသည်တိတ်ဆိတ်မှုအပေါင်းကိုပေးနေသည်။ငြိမ်းအေးမှုဆိုလျှင်ပိုမှန်နေဦးမည်။တောရပ်ကျောင်းထဲ ကံ့ကော်ပင်မှအနံ့သင်းသင်းရောက်လာတတ်သည်။

တဆက်တည်းမှာပင် မနီးမဝေးတစ်နေရာဆီက စေ တီဆည်းလည်းသံနှင့်ပရိတ်ပဌာန်းရွတ်ဆိုသံသဲ့သဲ့ကြားလိုက်ရသည်။အသင့်နားစိုက်လိုက်မှ မေတ္တာသုတ်တော်ရွတ်ဆိုခြင်းဖြစ်ကြောင်း သိလိုက်ရသည် ။ငြိမ်းအေးချမ်းသာခြင်းအစဉ်မှာလည်း စိတ်မျောနေတုန်း ဆုတောင်းအမျှဝေ မေတ္တာပို့သသံတစ်ခု ထပ်မံကြားလိုက်ရသည်။

ထိုအသံအားလုံးမှာလည်း တောတွင်းတစ်နေရာဆီကပင်လာသည့် ပင့်သကူအသံများဖြစ်နေမလား တွေးမိတော့သည်။

https://www.facebook.com/permalink.php?story_fbid=159115923197389&id=107469705028678

Leave a Reply

Your email address will not be published.