နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ၂ နှစ်တိုးမြှင့်လိုက်မှု အလုပ်လက်မဲ့ပိုများလာနိုင်ဟုဆို

By Narinjara / 2022 April 01

မင်းအဂ္ဂ

နိုင်ငံ့ဝန်ထမ်းများ၏အငြိမ်းစားယူရမည့်အသက်ကို ၂ နှစ်တိုးမြှင့်လိုက်မှုမှာ အလုပ်ဝင်ခွင့်ရသည့်အသက်အရွယ်ရှိသူများအတွက် အခက်အခဲရှိသွားနိုင်ပြီး အလုပ်လက်မဲ့များလည်း ပိုများလာနိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အငြိမ်းစားဦးစီးအရာရှိဖြစ်သော စစ်တွေမြို့မှ ဦးကောင်းစံရှီက “အသက်တိုးလိုက်တဲ့အတွက် နောက်က အလုပ်ဝင်မဲ့သူတွေမှာ အခက်အခဲရှိသွားတယ်။ အလုပ်ဝင်ဖို့ ၂ နှစ်နောက်ကျသွားတယ်လေ။ အလုပ်လစ်လပ်မှုလျော့သွားတယ်ပေါ့။ အလုပ်လက်မဲ့တွေအတွက် နစ်နာတယ်လို့ မြင်တယ်။ အလုပ်လက်မဲ့တွေလည်း ပိုများလာမယ်”ဟု နိရ ဉ္စရာကိုပြောသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ယခင်သတ်မှတ်ထားသည့် အသက် ၆ဝ အစား အသက် ၆၂ နှစ်အဖြစ် ယမန်နေ့ မတ်လ ၃၁ ရက်တွင် နစကကောင်စီက သတ်မှတ်တိုးမြှင့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့တိုးမြှင့်လိုက်မှုမှာ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းရန်၊ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်အတွက်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ သတ်မှတ်တိုးမြှင့်လိုက်မှုမှာ လုပ်ရည်ကိုင်ရည်ရှိပြီး နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်လိုသည့် အတွေ့အကြုံရှိသောနိုင်ငံ့ဝန်ထမ်းများအတွက် ကောင်းမွန်သည်ဟုလည်း ဆိုကြသည်။

ဘူးသီးတောင်မြို့နယ်တွင်တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြကျောင်းဆရာ ဦးအောင်သိန်းက “ကျနော်တို့ကျောင်းမှာ ကျောင်းလုပ်သားတစ်ယောက်၊ သူက အသက် ၆ဝ။ ကျန်းလည်း ကျန်းမာသေးတယ်။ အသက် ၆ဝ ပြည့်တာနဲ့ တာဝန်ထမ်းဆောင်တာ ရပ်သွားတယ်လေ။ ကျန်တဲ့ တစ်နှစ်၊ နှစ်နှစ်လုပ်ချင်သေးတယ်။ ဒါပေမဲ့ လုပ်ခွင့်မရခဲ့ဘူး။ သူက လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ လုပ်ချင်သေးတယ်။ ဒါပေမဲ့ ပင်စင်လစာလေးနဲ့ပဲ နေရတော့တယ်ပေါ့”ဟု ပြောသည်။

ယင်းကြောင့် ယခုကဲ့သို့ သက်ပြည့်ပင်စင်သက်တမ်းကို ၂ နှစ်တိုးမြှင့်လိုက်ခြင်းမှာ ကျန်းကျန်းမာမာဖြင့် လုပ်နိုင်ကိုင်နိုင်၍ ဆက်လက်တာဝန်ထမ်းဆောင်လိုသူများအတွက်ကောင်းမွန်ပြီး မကျန်းမာ၍ အလုပ်မလုပ်နိုင်တော့သူများအတွက် မကောင်းဟု ပြောကြသည်။

https://www.facebook.com/narinjara.info/posts/5343557948989572

Leave a Reply

Your email address will not be published.