ထောင်သုံးနှစ်ချမှတ်ခံထားရသည့် ကိုတင်ထွန်းအောင်အမှုကို ခရိုင်တရားရုံးသို့ အယူခံတင်သွင်းထား

By Development Media Group (DMG)/ 2022 April 30

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်အမှုကို ယမန်နေ့(ဧပြီလ ၂၉ ရက်)က ပလက်ဝမြို့ရှိ ခရိုင်တရားရုံးတွင် အယူခံတင်လိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

ကိုတင်ထွန်းအောင်ကို ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့်အတွက် ပြစ်ဒဏ်ကိုလျော့ပေးစေရန် အယူခံတင်ခြင်းဖြစ်ပြီး လက်ခံ၊မခံကို လာမည့်မေလ ၁၃ ရက်နေ့တွင်သိရမည်ဟု အစ်ကိုဖြစ်သူ ဦးမင်းအောင်က ပြောသည်။

“ဒီအမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချလိုက်တာက ၃ နှစ်ဆိုတာ အရမ်းများလွန်းတယ်။ ဒါကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့၊ လျော့ပေါ့ပေးနိုင်သလောက်ပေါ့။ အခုက ၃ နှစ်မှာ ၃ နှစ်စလုံး ချမှတ်လိုက်တာကြောင့် လျော့ပေါ့ပေးဖို့တင်လိုက်တာပါ”ဟု ၎င်းကပြောသည်။

ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ကိုတင်ထွန်းအောင်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးကာ ဗိုလ်ကြီးထွန်းထွန်းနိုင်မှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ကိုတင်ထွန်းအောင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး ဧပြီ ၆ ရက်နေ့တွင် ပလက်ဝမြို့မရဲစခန်းမှ စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ကိုတင်ထွန်းအောင်ကို စစ်တွေအကျဉ်းထောင်သို့ ပြောင်းရွှေ့စဉ်ကပင် လက်ရှိအချိန်ထိ ထောင်ဝင်စာတွေ့ခွင့် မရသေးသဖြင့် ၎င်း၏နေထိုင်စားသောက်ရေး၊ ကျန်းမာရေးတို့ကိုစိုးရိမ်နေသည်ဟု ဦးမင်းအောင်ကပြောသည်။

“စစ်တွေထောင်ကိုပြောင်းသွားကတည်းက မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူး။ စိုးရိမ်တာပေါ့။ ကိုဗစ်ကို အကြောင်းပြပြီးတွေ့ခွင့်မရဘူး။ သူဘယ်လိုနေထိုင်နေရလဲ။ ‌ဘယ်လိုစားသောက်နေရလည်း တစ်ခုမသိရဘူး။ ကျန်းမာရေးကောင်းတယ်လို့တော့ ကြားတာပဲ။ ဒါပေမဲ့ မိသားစုဝင်တွေက သူ့အသံကိုကြားရမှာပဲကျေနပ်မှာပါ။ သူ့စားရေး၊ နေရေးဘယ်လိုရှိလဲဆိုတာ အမြဲစိုးရိမ်နေတယ်”ဟု ၎င်းကဆက်ပြောသည်။

အလံဖြူထောင်သည်ဟု သတင်းရေးသားခဲ့သည့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း မြန်မာစစ်တပ်မှ ဗိုလ်မှူး ဘုန်းမြတ်ကျော်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၁၂၄(က)ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

https://www.facebook.com/dmgnewsagency/posts/2281743008644764

Leave a Reply

Your email address will not be published.