By Western News/ 2022 April 20

ပလက်ဝမြို့ အခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် ကိစ္စအား မီဒီယာသို့ အင်တာဗျူး ဖြေကြားမှုကြောင့်နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင် အမှုအတွက် ချင်းပြည်နယ် မတူပီခရိုင်တရားရုံးတွင် အယူခံတင်သွားမည်ဟုမိသားစုဝင် တစ်ဦးကပြောသည်။
ကိုတင်ထွန်းအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ပလက်ဝမြို့နယ် တရားရုံးက ဧပြီလ ၅ ရက်နေ့က အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။
ကိုတင်ထွန်းအောင်၏ လက်ရှိထောင်ဒဏ်ချမှတ်ခံထားရသည့် အမှုအတွက် အယူခံတင်သွားမှာဖြစ်ပြီး အယူခံတင်ရန်အတွက် စာရွက်စာတမ်းများအား ရှေ့နေထံသို့ ပေးအပ်ထားပြီးဖြစ်သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။
“ကိုတင်ထွန်းအောင် ရဲ့လက်ရှိထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမှုအတွက် ကျွန်တော်တို့ မိသားစုဝင်တွေဖက်က အယူခံတင်သွားမှာပါ။ ကျွန်တော်တို့ ပလက်ဝမြို့နယ်ရဲ့ ခရိုင်မြို့ဖြစ်တဲ့ မတူပီ ခရိုင်တရားရုံးမှာ တင်သွားမှာဖြစ်ပါတယ်။ အယူခံတင်သွင်းဖို့အတွက်တော့ စာရွက်စာတန်း
တွေကို ရှေ့နေဆီကို လွှဲပြောင်းထားပါပြီ။ လက်ရှိမှာ ကိုတင်ထွန်းအောင်ကို စစ်တွေထောင်ကို ပြောင်းရွှေ့သွားပြီး ကွာရန်တင်း ၁၄ နေရက်ဝင်နေရတာကြောင့် မိသားစုအနေနဲ့ ထောင်ဝင်စာ တွေ့ခွင့်မရသေးဘူး” ဟုပြောသည်။
ကိုတင်ထွန်းအောင်အား ဧပြီလ ၆ရက်နေ့က ပလက်ဝမြို့မ ရဲစခန်းမှ စစ်တွေအကျဥ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
ကိုတင်ထွန်းအောင် အမှုအတွက် မိသားစုဝင်များက လက်ရှိ ထောင်ဒဏ်ချမှတ်ခံထားရသည့် အမှုအတွက် အယူခံဝင်ရန် ယခင်က ပြောကြားထားခြင်းများရှိပြီး အယူခံတင်လျှင် ခရိုင်တရားရုံးတွင်သာ တင်သွားရမည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကပြောသည်။
“ကိုတင်ထွန်းအောင် အမှုအတွက် မိသားစုဝင်တွေက ယခင်က အယူခံတင်သွားဖို့ ပြောထားတာတော့ရှိပါတယ်။ အခုက သင်္ကြန်ကာလ မပြီးသေးဆိုတော့ အသေးစိတ်မပြောရသေးဘူး။ သူ့ကို စစ်တွေထောင်သို့ ပြောင်းရွှေ့ထားသော်လည်း ပလက်ဝမြို့ရဲ့ ခရိုင်စိုက်တဲ့ ခရိုင်တရားရုံးမှာပဲ အယူခံတင်သွားရမှာဖြစ်တယ်” ဟုပြောသည်။
ကိုတင်ထွန်းအောင်ကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် ကိစ္စအား မီဒီယာသို့ အင်တာဗျူးဖြေကြားမှုကြောင့် ရဲနှင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၂၈၉တပ်ရင်းမှ ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုလုပ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ပလက်ဝမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
https://www.facebook.com/westernnewsagency/posts/506479864491856