ထောင်ဒဏ်ချမှတ်ခံရသည့် ကိုတင်ထွန်းအောင် စစ်တွေထောင်သို့ပြောင်းရွေ့၊ မိသားစုနှင့် တွေ့ခွင့်မရ

By Western News/ 2022 April 09

ချင်းပြည်နယ် ပလက်ဝမြို့နယ် တပ်ရင်းတစ်ခုတွင် အလံဖြူထောင်ထားသည်ဟု သတင်းဌာနသို့အင်တာဗျူး ဖြေဆိုခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံရကာ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ချမှတ် ခံထားရသည့် ကိုတင်ထွန်းအောင် မိသားစုနှင့် တွေ့ခွင့်မရကြောင်း သိရသည်။

ကိုတင်ထွန်းအောင်ကို ပလက်ဝမြို့မရဲစခန်း အချုပ်ခန်းမှ တစ်ဆင့် စစ်တွေအကျဉ်းထောင်သို့ပြောင်းရွေ့လိုက်ပြီဖြစ်ပြီး ထိုသို့ပြောင်းရွေ့သည့်နေ့မှစ၍ မိသားစုနှင့် တွေ့ခွင့်မရဟု မိသားစုဝင်များက Western News ကို ပြောသည်။

ကိုတင်ထွန်းအောင်မှာ နေပြည်တော် ပုဗ္ဗာသီရိ ဆေးရုံ၌ ဓာတ်မှန် ၃ အဖြစ် တာဝန်ကျနေသည့် အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး ပလက်ဝမြို့နယ်တွင်လည်း အများအကျိုးပြုလုပ်ငန်းများကို အစဉ်လုပ်ဆောင်နေသည့် လူငယ်တစ်ဦးလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကိုတင်ထွန်းအောင်အားဖမ်း ဆီးခေါ်ဆောင်သွားပြီး ရဲစခန်းမှနေ၍ ပလက်ဝမြို့နယ်မှ ၂၈၉ တပ်ရင်းသို့ယူဆောင်ခြင်းခံခဲ့ရသေးပြီး ထိုမှတစ်ဆင့် စစ်တွေမြို့နယ်ရှိ တပ်ရင်းတစ်ခုသို့ ရေကြောင်းဖြင့် ယူဆောင်ခြင်းခံခဲ့ရသေးသည်။

ထိုဖြစ်စဉ်များပြီးနောက် ပလက်ဝမြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဖြင့် ဆက်လက်တရားရင်ဆိုင်ရကာ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွက် ၎င်းတရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

ထိုသို့ချမှတ်ပြီး နောက်နေ့ ဧပြီ ၆ ရက်နေ့တွင် ပလက်ဝမှနေ၍ စစ်တွေအကျဉ်းထောင်သို့ ယူဆောင်သွားပြီး ထိုနေ့မှစ၍ မိသားစုနှင့်တွေ့ခွင့်မရဟု မိသားစုဝင်တစ်ဦးကပြောသည်။

“သူ့ကို ၆ ရက်နေ့က စစ်တွေကိုယူသွားပါပြီ။ သူ့ကိုချမှတ်တဲ့ပြစ်ဒဏ် စွဲထားတဲ့ပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်နေတယ်။ ဒီပြစ်ဒဏ်နဲ့ပတ်သက်ပြီးကျနော်တို့ အယူခံဆက်တက်သွားမှာပါ။ သူ့ကိုတော့ စစ်တွေကို ပြောင်းယူသွားတဲ့ နေ့ကစပြီး တွေ့ခွင့်မရဘူး”ဟုပြောသည်။

ကိုတင်ထွန်းအောင်ကို ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ ဒီဇင်ဘာ ၃၀ ရက်နေ့တွင်း ၅၀၅(က) ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်၍ တရားခံဖြစ်သူ ကိုတင်ထွန်းအောင်မှ သူ့တွင် အပြစ်မရှိကြောင်း တရားရုံးတွင် ထွက်ဆိုမှုရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/499317731874736

Leave a Reply

Your email address will not be published.