By Boder News Agency (BNA) / 2022 April 02

သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ တောင်သူလယ်သမား၊ စိုက်ပျိုးရေးလုပ်ကိုင်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီအပါအဝင် ဓါတ်မြေဩဇာနဲ့ အခြားသောသွင်းအားစုတွေရဲ့ စျေးနှုန်းကျဆင်းရေးဆောင်ရွက်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
မတ်လ ၂၈ ရက်နေ ၃၀ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ (APU)ရဲ့ ဒုတိယအကြိမ်ညီလာခံကနေ အဲဒီလိုတောင်းဆိုလိုက်တာပါ။
လက်ရှိမှာ စက်သုံးဆီအပါအဝင် တောင်သူလယ်သမားတွေအတွက် မရှိမဖြစ်အသုံးပြုနေရတဲ့ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖျန်းတွေစတဲ့ သွင်းအားစုတွေရဲ့စျေးဟာ အနည်းဆုံး သုံးဆအထိ တက်နေတယ်လို့ တောင်သူ လယ်သမားတွေနဲ့ စိုက်ပျိုးရေးသုံဆေးဝါးရောင်းချသူတွေက ပြောပါတယ်။
ဒါကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဆောင်းသီးနှံစိုက်ပျိုးသူတွေဟာ ယခင်ကထက် နှစ်ဆလောက်ရှိတဲ့အရင်းငွေကို သွင်းနေကြရပြီး ထွက်လာတဲ့စိုက်ပျိုးရေးထုတ်ကုန်တွေရဲ့စျေးမှာတော့ ယခင်အတိုင်းပဲ ရှိနေတာပါ။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက တောင်သူလယ်သမား၊ စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အခက်ကြုံနေ ကြရတာဖြစ်ပါတယ်။
ဒါကို လက်ရှိအာဏာပိုင်တွေအနေနဲ့ နည်းလမ်းရှာပြီး အခက်ကြုံနေရတဲ့တောင်သူတွေအပေါ် ကူညီဆောင်ရွက် ပေးဖို့လိုတယ်လို့ APU ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြက ပြောပါတယ်။
“တိုင်းပြည်တစ်ပြည်ကို တာဝန်ယူထားတဲ့လူဟာ ကျွန်တော်တို့ရဲ့အခက်အခဲကို တာဝန်ခံရမယ့်သူတွေလည်း ဖြစ် ပါတယ်။ တကယ်တော့ တာဝန်ယူ၊ တာဝန်မခံချင်ရင် တာဝန်ယူလို့မရပါဘူး”လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ ယခင်က နှစ်သောင်းခွဲ ဝန်းကျင်သာရှိခဲ့တဲ့ တီဆူပါ ဓါတ်မြေဩဇာတစ်အိတ်ကို ခြောက်သောင်းကျော်၊ သုံးသောင်းဝန်းကျင်သာရှိခဲ့တဲ့ ယူရီးယား ဓါတ်မြေဩဇာတစ်အိတ်ကို ကိုးသောင်းကျော် ရှိနေပါတယ်။ ဒါကြောင့် လယ်သမားတွေရဲ့ သွင်းအားစုဟာ တစ်ဧကကို လေးသိန်းဝန်းကျင်ဖြစ်သွားမှာဖြစ်တယ်လို့ ဦးအောင်ကျော်မြက ဆိုပါတယ်။
“ပြန်ရတဲ့အခါမှာ အဲလောက်ရဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် လယ်လုပ်သူတွေဟာ သူတို့ရဲ့ လယ်တွေကို ဒီနှစ်မိုး ရာသီမှာ ထွန်ယက်နိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်”လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စိုက်ပျိုးရေးလုပ်ကိုင်သူတွေဟာ တရုတ်၊ ထိုင်းနိုင်ငံတို့ကနေ တင်သွင်းနေတဲ့ ဓါတ်မြေ ဩဇာတွေကို ရန်ကုန်မှတစ်ဆင့် ဝယ်ယူနေကြရတဲ့အတွက် ပြည်မဘက်မှ တောင်သူတွေထက် ၁၀ ရာခိုင်နှုန်း လောက်စျေးပိုပေးပြီး ဝယ်နေကြရတာပါ။
ဒါကြောင့် ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်တို့ကနေ တင်သွင်းဝယ်ယူမယ် ဆိုရင် ရခိုင်တောင်သူလယ်သမားတွေအတွက် အသက်ရှုချောင်လာမယ်လို့ APU က အကြံပြုပါတယ်။
“အစိုးရက ပိုပြီးတော့ သိပါတယ်။ ဒါကို စေတနာမှန်မှန်နဲ့ လုပ်ပေးဖို့လိုပါတယ်။ စေတနာမမှန်လို့ ဖြစ်နေတဲ့ ပြဿ နာပါ”လို့ ဦးအောင်ကျော်မြက ပြောပါတယ်။
စက်သုံးဆီ၊ ဓါတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေးသုံးဆေးဝေါးတွေ စျေးအဆမတန်မြင့်တက်နေတာကြောင့် အ ပြည့်အ၀မသုံးနိုင်တဲ့အတွက် စိုက်ခင်းမအောင်မြင်ဘဲ အရှုံးနဲ့ကြုံနေရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ငရုတ်စိုက် တောင်သူတစ်ဦးက ပြောပါတယ်။
“ရေတင်ရမယ့်အချိန် မတင်နိုင်ဘူး။ ဆေးဖြန်းရမယ့်အချိန် မဖြန်းနိုင်ဘူးဆိုတော့ အကုန်ပျက်စီးကုန်တာပေ့ါ”လို့ ၎င်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း စပါးစိုက်ဧက ဆယ့်နှစ်သိန်းကျော် ရှိပါတယ်။
https://www.facebook.com/permalink.php?story_fbid=157618076680507&id=107469705028678