By Western News/ 2022 April 08

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ရခိုင်အပါအဝင် တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်စားမေးပွဲကို မတ်လ ၃၁ ရက်နေ့မှာ စတင်စစ်ဆေးခဲ့ပြီး ဧပြီလ (၈) ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ ဖြေဆိုရမည့် ဘာသာတွဲများမှ အပ ကျန်သည့် ဘာသာတွဲများ အားလုံးစာမေးပွဲ ဖြေဆို ပြီးဆုံးခဲ့သည်။
ရခိုင်တစ်ပြည်လုံးတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ဖြေဆိုမည့်သူ စစ်တွေမြို့အထက (၅)တွင် ကျောင်းသားတစ်ဦးသာ ရှိပြီး မနက်ဖြန် ဆက်လက် ဖြေဆိုရမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်မှ ပြောသည်။
ရခိုင်တွင် ယခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသူ ၄၅၆၀၀ ရှိသည့်အနက် စာမေးပွဲလာရောက်ဖြေဆိုသူ ၄၁၇၅၃ ဦးသာ ရှိခဲ့သည်။
ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူများထဲမှ ၉၁.၅၆ ရာခိုင်နှုန်းမှာ စာမေးပွဲ ဝင်ရောက်ဖြေဆိုကြပြီး ပျက်ကွက်သူဦးရေမှာ ၈. ၄၄ ရာခိုင်နှုန်းဖြစ်သည်။
ယခုနှစ်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်၌ စာစစ်ဌာန ၁၂၈ခု ဖွင့်လှစ်ပြီး စစ်ဆေးခဲ့ပြီး မေးခွန်း လုံခြုံရေးကြောင့် ဟုဆိုကာ မြို့နယ် ၆ မြို့နယ်မှ စာစစ်ဌာန ၂၀ ခုကို မြို့ပေါ်ကို ပြောင်းရွေ့စစ်ဆေးခဲ့သည်။
https://www.facebook.com/westernnewsagency/posts/498873695252473