By Voice Of Westland (VOW)/ 2022 April 04
အောင်ကြည်မိုး(သင်းပုန်းတန်း) ရေးသည်။
အကျွန်ုပ်သည် ကားတက္ကစီမောင်းစားနေသူဖြစ်၍ ခရီးသည်များကိုလိုက်ပို့ရင်း စစ်တွေ-ရန်ကုန် အဝေးပြေး ကားလမ်းမပေါ်၌ အမြဲကားမောင်းဖြစ်နေသည်။ ထိုအဝေးပြေးကားလမ်းမပေါ်ဝယ် ကျွဲ၊နွားများသည် အုပ်စုအ လိုက် စည်းကမ်းမဲ့ သွားလာကျက်စားနေသည်ကို မကြာခဏ တွေ့မြင်နေရသည်။ ကားလမ်းမပေါ်သို့ နွားများ အုပ်လိုက်ဖြတ်သန်းသွားလာနေသဖြင့် ယာဉ်မောင်းများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။
နွားများအုပ်လိုက်ဖြတ် သန်းသွားလာနေကြသည့် ထိုမြင်ကွင်းများက အရုပ်ဆိုးစေပြီး ကားမောင်းနေသူ များအတွက်လည်း အန္တရာယ်ရှိနေပေသည်။ အများအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိ ကျေး ရွာများအကြားတွင် ကျွဲ၊နွား များ ကားလမ်းမပေါ်သို့ အုပ်လိုက်ဖြတ်သန်းသွားလာနေတတ်ကြသည်။ ထိုသို့ အဝေး ပြေးကားလမ်းမပေါ် စည်းကမ်းမဲ့သွားလာနေသော ကျွဲ၊နွားများအား မတော်တဆ ကားနှင့်တိုက်မိ၊ပွတ်မိလျင် အလျော်တောင်းဖို့ ပိုင်ရှင်များက အပြေးရောက်ချလာကြသည်။ ကျွဲ၊နွားများက လယ်ကွင်းမှပြေးတက်၍ ကားကို လာတိုက်ခဲ့လျင် ကျွဲ၊နွား ပိုင်ရှင်ဆိုသူများက သစ်ပင်ကြီးများ၏နောက်ကွယ်နှင့်တောစပ်များနောက်၌ ပုန်းခိုနေ တတ်ကြတော့သည်။ ထိုအခါ၌ ပိုင်ရှင်အမည်မပေါ်တော့ပါပေ။
စာရေးသူတို့ စစ်တွေမြို့၊ လမ်းမကြီးပေါ်လည်း ပိုင်ရှင်များက နွားများအား စည်းကမ်းမဲ့ လွှတ်ကျောင်းထားခြင်း အား တွေ့မြင်နေရသည်။ ထိုသို့ မြို့ပေါ်၏ အဓိကလူသွား၊လူလာများသည့် Main Road လမ်းမကြီးပေါ်တွင် နွား များ စည်းကမ်းမဲ့သွားလာနေခြင်းကြောင့် ယာဉ်အန္တရာယ်နှင့် မလိုလားအပ်သော ပြဿနာတို့ ပေါ်ပေါက်လျက် ရှိတတ်ပြီး တိရိစ္ဆာန်များမှစွန့်ပစ်သော အညစ်အကြေးကြောင့် စစ်တွေမြို့တော်၏ပြရုပ်ကို ထိခိုက်စေလျက်ရှိ နေပါသည်။ စားကျက်မြေရှားပါးလာမှုနှင့်အတူ ထိန်းကျောင်းမှု ကင်းမဲ့လာရာမှ နွား၊ မြင်း တိရိစ္ဆာန်များ ယခုလို မြို့တွင်း လမ်းမများပေါ်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။ နောက်တစ်ခုက အဆိုပါလွှတ်ကျောင်းနွားများကြောင့် မြို့ပေါ်ရှိ ကားလမ်းများအပါအဝင် စစ်တွေ-ရန် ကုန် အဝေးပြေးကားလမ်းပေါ် သွားလာသော မော်တော်ကားနှင့် ဆိုင်ကယ်မောင်သူများမှာ မတော်တဆ ယာဉ်တိုက်ဖြစ်ပွားမှု ရှိလာနေတတ်သည်။
(၂)
ကျွဲ၊နွား စသည့် တိရိစ္ဆာန်များအား ပိုင်ရှင်များက စည်းကမ်းမဲ့လွှတ်ကျောင်းထားခြင်းက ရာသီဥတုပြောင်းလဲ လာခြင်းနှင့် လူသားများ၏ စွက်ဖက်နှောင့်ယှက်မှုကြောင့် တိရစ္ဆာန်များအတွက် စားကျက်မြေများ ရှားပါး ပျောက်ဆုံးလာနေရသည်။ ကျေးရွာများ၌ နေ့စားပျံကျ လိုက်လံထိန်းကျောင်းပေးမည့် ကျွဲ၊နွားကျောင်းသူများ ရှားပါးလာခြင်းကြောင့်လည်း စည်းကမ်းမဲ့လွှတ်ကျောင်းခြင်းများ ရှိလာနေကြရသည်။ တစ်ချိန်က ရခိုင်တောင် သူများအနေဖြင့် လယ်စာရင်းငှားအလုပ်သမားများကို စပါး စသည့် အခကြေးငွေဖြင့် ငှားရမ်း၍ လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲစနစ်ကို လုပ်ဆောင်နိုင်ခဲ့ပါသော်လည်း ကျွဲ၊နွားအစာရေစာနှင့် လုပ်သားများရှားပါးလာခြင်းကြောင့် စည်းကမ်းမဲ့ထိန်းကျာင်းစနစ်ကို ကျင့်သုံးလာနေကြ ရခြင်းဖြစ်သည်။
စားကျက်မြေဥပဒေကို အင်္ဂလိပ်ခေတ်ကတည်းက ပြဌာန်းထားခဲ့သည်။ တစ်ချိန်က ကျေးရွာများတွင် ရွာဘုံမြေ အများပိုင်စားကျက်မြေရှိခဲ့သော်လည်း ကျေးရွာများ၌ လူဦးရေတိုးပွားလာနေသဖြင့် စားကျက်မြေပေါ်၌ လူနေ အိမ်များအား ဥပဒေမဲ့ တိုးချဲ့တည်ဆောက်လာကြ၍ ကျွဲ၊နွားများအတွက် အစာရေစာဖြစ်သည့် စားကျက်မြေ များ ပျောက်ဆုံးလာနေရခြင်းဖြစ်သည်။
စားကျက်နှင့် မပတ်သက်သည့် ကျေးရွာမှသူများ ကျွဲနွားစားကျက် လာချပါကလည်းကောင်း၊ မည်သူမဆို စား ကျက်ချထားခြင်းကိစ္စမှလွဲ၍ အခြားနည်းလမ်းတစ်ရပ်ရပ် အသုံးပြုခြင်း၊ နေထိုင်ခြင်း၊ အမိန့်မရဘဲ စားကျက်မြေ အတွင်းမှ သစ်ပင်ခြုံနွယ်မှအစ မြက်စသည်တို့ကို ရိတ်ဖြတ်၊ခုတ်လှဲ၊ရွှေ့ပြောင်းသယ်ဆောင်ခြင်း ပြုလျင် လည်းကောင်း၊ စားကျက်ကို ကျူးကျော်အသုံးပြုလျင် သော်လည်းကောင်း တရားစွဲဆို အရေးယူခံရမည်ဖြစ်ပါ သည်။ ပြစ်မှုထင်ရှားပါက ကျပ် ၂၀ဝိ ထိ ငွေဒဏ်ဖြစ်စေ သို့မဟုတ် တစ်လထိ ထောင်ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ ကျခံစေရမည်ဟု အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ တွင် ပြဌာန်းထားခဲ့ခြင်းအား ဖတ်ရှုနေရပါသည်။
နောက်တစ်ခုက စားကျက်မြေအတွင်း စိုက်ပျိုးမှု၊အိမ်ရာဆောက်လုပ်မှု ခွင့်မပြုထားပါ။ စိုက်ပျိုးရေးအတွက် Grant, Lease အငှားချ ထားခြင်းများလည်း မပြုရဖြစ်သည်။ စားကျက်ဆိုသည်က ကျွဲနွားများ အညောင်းအညာ ပြေ လွှတ်ကျောင်းရန်အတွက်လည်းကောင်း၊ အစာရေစာ ရှာဖွေစားသောက်နိုင်သည့် စားကျက်များအဖြစ် အသုံး ပြုနိုင်ရန်လည်းကောင်းရည်ရွယ်သတ်မှတ်ပေးခြင်းဖြစ်ပါသည်။ဖေါက်ဖျက်ပါကအရေးယူခြင်းခံရမည်ဖြစ်သည်။
(၃)
ဆိတ်ကိုမွေးမြူပြီး စီးပွားရေးလုပ်ကိုင်ခဲ့သည့် ကျွန်တော့်မိတ်ဆွေတစ်ဦးမှ’’ ဆိတ်ကိုမွေးရင် ခြံထဲမှာ လှောင် မွေးတာထက် လွှတ်ကျောင်းပြီးမွေးတာက ပိုပြီးအသားတက်မြန်တယ်။ ပိုပြီးထွားကျိုင်းမြန်တယ်။ ဆိတ်ဆို တာမျိုးက သွားလာလှုပ်ရှားနေမှ စားကျက်မှာ သူတို့စိတ်ကြိုက် စားချင်တာစားနေရမှ ပိုပြီးနှစ်ခြိုက်တဲ့ သတ္တဝါမျိုးဖြစ်တဲ့အတွက် ခြံထဲမှာ လှောင်ပြီးထားတဲ့ဆိတ်ထက် လွှတ်ထားတဲ့ဆိတ်က ပိုပြီး သန်မာတယ်။ အသားထွက် ပိုပြီးကောင်းတယ် ဒါပေမဲ့ စားကျက်မြေရှားပါးလာလို့ မမွေးမြူဖြစ်တော့ဘူး’’ဟု ပြောဆိုဖူးပါသည်။
စာရေးသူတို့ရခိုင်ဒေသသည် စိုက်ပျိုးရေးကိုအခြေခံထား၍ ကျွဲ၊ နွားများကို မှီခိုအားထားရသဖြင့် ယင်း ကျွဲ၊ နွားများအတွက် အစာရေစာ လုံလောက်စေရန် ကျွဲနွား စားကျက်မြေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်း သိမ်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကျွဲ၊နွားများအား စည်းကမ်းမဲ့လွှတ်ကျောင်းခြင်း၊ တွေ့ရှိရပါက စည်ပင်သာ ယာရေးဥပဒေအရလည်းကောင်း၊ အတည်ပြုထုတ်ပြန်ကြေညာပြီးဖြစ်သော “လေလွင့်တိရိစ္ဆာန်များ ထိန်းသိမ်း ရေး ဆိုင်ရာစည်းကမ်းများ”အရလည်းကောင်း၊ ထိရောက်စွာ ကျွဲ၊နွားပိုင်ရှင်များအား အရေးယူ ဆောင်ရွက်သွား ဖို့လည်း လိုအပ်မည်ဖြစ်ပါသည်။
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်များ၌ ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများအလိုက် နယ် နိမိတ်သတ်မှတ်ပြီး စားကျက်မြေများကို စားကျက်မြေအဖြစ် အသုံးပြုခြင်းမှတစ်ပါး မည်သူမဆိုဝင်ရောက် ကျူး ကျော်စိုက်ပျိုးခြင်း၊ ဝင်ရောက် ကျူးကျော်နေထိုင်ခြင်း၊ သစ်ပင်များကို ခုတ်လှဲခြင်း၊ သယ်ဆောင်ခြင်းနှင့် ပေါက် ရောက်လျက်ရှိသော မြက်များကိုရိတ်သိမ်းခြင်းများ မပြုလုပ်ရန်၊ အထက်မြန်မာပြည် မြေနှင့်အခွန်နည်း ဥပဒေ (၇၈) အရ လည်းကောင်း၊ အောက်မြန်မာပြည်မြေနှင့် အခွန်နည်းဥပဒေ (၆၉) အရလည်းကောင်း အရေးယူထိန်း သိမ်းဆောင်ရွက်လျက်ရှိနေခဲ့ခြင်းအား တွေ့မြင်နေရပါသည်။
နိဂုံးချုပ်ရပါလျင် ၂၀၁၈ ခုနှစ်က နယ်ပြည်တော်ကောင်စီနယ်မြေတွင် တိရိစ္ဆာန်အချုပ်ထောင်တည်ဆောက်ပြီး လမ်းမကြီးများပေါ်တွင် သွားလာကျက်စားနေသည့် ကျွဲ၊နွားများကို ထိန်းသိမ်း၍ ပိုင်ရှင်များကို နယ်ပြည်တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူဖို့ by law နည်းဥပဒေများကို ရေးဆွဲလုပ်ဆောင်ခဲ့သည်များရှိခဲ့ပြီး “ကျွဲ၊ နွား၊ ဝက် များ လမ်းမပေါ် မတက်ရောက်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းရေးအဖွဲ့”များ ဖွဲ့စည်းရန် လုပ်ဆောင် ခဲ့သည်များကို ဂျာနယ်များတွင် ဖတ်ရှုနေခဲ့ရသည်။ စာရေးသူတို့ ရခိုင်ဒေသတွင်လည်း သက်ဆိုင်ရာမှ စည်းမဲ့၊ ကမ်းမဲ့ လွှတ်ကျောင်းထားသော ကျွဲ၊နွားများအားဖမ်းဆီး၍ ပိုင်ရှင်များအပေါ် ပထမဦးစွာပညာပေးခြင်း၊ နောက် ထပ်မံ ကျူးလွန်လျင် အရေးယူခြင်းများ ဆောင်ရွက်ရန်လိုအပ်နေပါသည်။
(၄)
မြို့ရွာသာယာလှပရေး မထိခိုက်စေရန်နှင့်၊ ယဉ်မောင်းသူများအတွက် စိတ်အနှောင့်အယှက်မဖြစ်စေရန် ပိုင်ရှင် များက ကျွဲ၊နွား စသည့်တိရိစ္ဆာန်များအား စနစ်တကျ ထိန်းကျောင်းရမည်ဖြစ်ကြောင်းနှင့် ကျွဲ၊နွားများ၏ စားကျက်မြေကို ရခိုင်ပြည်နယ်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှလည်း ထိန်းသိမ်းစောင့် ရှောက်ခြင်းများ လုပ်ဆောင်ပေးနိုင်ရန် လိုအပ်မည်ဟု ထင်မြင်မိပါကြောင်းအား တင်ပြရင်း—-
အောင်ကြည်မိုး(သင်းပုန်းတန်း)